ကလေးငယ်များ ငိုရခြင်းရဲ့ နောက်ကွယ်က အကြောင်း ၁၂ ချက်နဲ့ အငိုတိတ်ဖို့ ချော့မြှူခြင်း

မွေးကင်းစ ကလေးငယ်လေးများ လသား ကလေးငယ်များ မကြာခဏ ငိုတတ်ကြတာ အထူးအဆန်းတော့ မဟုတ်ပါဘူး… ဘာလို့လဲဆိုတော့ ကလေးငယ်တွေဟာ ဗိုက်ဆာနေတာ၊ တစ်နေရာရာက နာကျင်နေတာ၊ တစ်ခုခုကို ကြောက်ရွံ့တာ၊ အိပ်ချင်တာစတဲ့ သူတို့ ပြုလုပ်ချင်တဲ့အရာတွေကို ငိုခြင်းနဲ့သာ ဖော်ပြတတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဒါဆိုရင် မိဘတွေက မိမိတို့ရဲ့ကလေးငယ်လေး ငိုပြီး ဘာပြောချင်နေတာဆိုတာ သိရှိဖို့ ဘယ်လိုလုပ်ကြမှာလဲ? အစမှာတော့ ကိုယ့်ကလေးရဲ့ လိုအင်ကိုကွဲကွဲပြားပြား သိဖို့ ခက်ခဲနိုင်ပါတယ်…
အခုပြောမယ့် ၁၂ ချက်ကတော့ ဘာကြောင့် ကလေးတွေ ငိုရသလဲဆိုတဲ့ အကြောင်းအရာတွေထဲကမှ အဖြစ်အများဆုံးအချက် ၁၂ ချက်ပဲ ဖြစ်ပါတယ်…

 

၁ ဗိုက်ဆာနေလို့လား ?

ဒါက ပထမဦးဆုံး စဉ်းစားရမယ့် အချက်ပါ… မိမိတို့ရဲ့ ရင်သွေးငယ်ဟာ ဗိုက်ဆာရင် ဘယ်လိုပုံစံ ပြုမူတတ်တယ်၊ ငိုတတ်တယ်ဆိုတာ သတိထား လေ့လာမှတ်သားထားသင့်ပါတယ်… ဒါမှသာ ကလေးမငိုခင်ကတည်းက နို့တိုက်တာ၊ ထမင်းကျွေးတာ စသဖြင့် ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်…
မွေးကင်းစ ကလေးတွေမှာ ဂနာမငြိမ်ဖြစ်လာမယ်၊ နှုတ်ခမ်းစုပ်မယ်… သူတို့ပါးလေးတစ်ဖက်ကို လက်နဲ့ထိလိုက်ရင် ထိလိုက်တဲ့ဘက်ကို ခေါင်းလှည့်လာပြီး ပါးစပ်နဲ့လိုက်ဟပ်မယ် (rooting reflex လို့ခေါ်ပါတယ်)၊ နောက်ပြီး သူတို့လက်လေးတွေကို စုပ်နေမယ်… ဒီလိုအမူအရာတွေ တွေ့ရမယ်ဆိုရင်တော့ ဗိုက်ဆာနေတာ သေချာပါပြီ…

 

၂ အနှီး (သို့) Diaper လဲဖို့လိုနေပြီလား ?

အနှီးတွေစိုရွှဲလာရင်၊ ညစ်ပေလာရင် တချို့ကလေးတွေက ငိုတတ်ကြတဲ့အတွက် မိဘတွေက သိရှိပြီး လဲပေးလို့ရပါတယ်… တချို့ကလေးတွေကျတော့လည်း ဒီလိုအခြေအနေမှာ မငိုတတ်တဲ့အတွက် မိဘတွေ ချက်ချင်းမသိတာမျိုး ဖြစ်တတ်ပါတယ်…
ဘယ်လိုပဲဖြစ်ဖြစ် မိမိကလေးငယ် ငိုနေပြီဆိုရင်တော့ အနှီး (သို့) Diaper စိုရွှဲညစ်ပေနေပြီလား၊ လဲပေးဖို့ လိုအပ်နေပြီလားဆိုတာ စစ်ဆေးကြည့်ပြီး လိုအပ်ရင်လဲပေးလိုက်တာက ကလေးငိုခြင်းကို ရပ်တန့်စေတဲ့ လွယ်ကူတဲ့ အချက်တစ်ချက်ပါ…

 

၃ အိပ်ချင်နေလို့လား ?

ကလေးငယ်တွေဟာ သူတို့မောပန်းလာရင် အချိန်မရွေးနေရာမရွေး အိပ်လို့ရတဲ့အတွက် ကံကောင်းတယ်လို့ လူကြီးတွေက ထင်ကြမှာပါ…
တကယ့်တကယ်မှာတော့ ထင်သလောက် မလွယ်ပါဘူး… ဘာဖြစ်လို့လဲဆိုတော့ အလွန်ပင်ပန်းနေတဲ့ ကလေးဟာ အလိုလို အိပ်ပျော်သွားရမယ့် အစား ငိုပြီး အော်ဟစ် ဂျီကျတတ်ကြလို့ ဖြစ်ပါတယ်…

 

၎ သူ့ကို ချီပြီး ချော့စေချင်တာလား ?

ကလေးငယ်တွေဟာ ခဏခဏ ပွေ့ဖက်ထား ပွေ့ချီထားဖို့ လိုအပ်ပါတယ်… ဘာကြောင့်လဲဆိုတော့ သူတို့လေးတွေဟာ အဖေအမေရဲ့ မျက်နှာ၊ အသံတို့ကို မြင်ရကြားရတာ၊ သူတို့ကို ပွေ့ချီထားချိန်မှာ အဖေအမေရဲ့ နှလုံးခုန်သံလေးတွေ နားထောင်ရတာ တွေကို နှစ်သက်ကြပုံပါပဲ… ကလေးတွေဟာ အဖေအမေရဲ့ကိုယ်သင်းနံ့ကိုတောင် မှတ်မိနိုင်ကြပါတယ်…
ဒီလိုဆို ကလေးငယ်တွေ ငိုကြတာဟာ သူတို့ကို ပွေ့ချီစေချင်လို့ တောင်းဆိုတာမျိုး ဖြစ်နေမှာပါ… ဒါပေမယ့် မိဘတွေက ကလေးကို ခဏခဏမချီနဲ့လက်ကြိုက်သွားလိမ့်မယ် ပြောကြပါတယ်… တကယ်တမ်းကတော့ မွေးကင်းစ နှစ်လ၊ သုံးလ အရွယ်မှာဒီလိုမျိုး မဖြစ်တတ်ပါဘူး… မိဘတွေက ခဏခဏ ကလေးချီရလို့ လက်တွေညောင်းကိုက်တယ်ဆိုရင်တော့ ကလေးချီတဲ့ ရင်ဘတ်သိုင်းအိတ်ကလေးတွေ သို့မဟုတ် အဝတ်နဲ့သိုင်းပြီး ချီထားတာမျိုး လုပ်လို့ရပါတယ်…

 

၅ ဗိုက်နာလို့လား ? လေပွ လေထိုးလေအောင့်တာမျိုး ခံစားရလို့လား ?

ကလေးငယ်တွေမှာ လေပွလို့ လေထိုးလေအောင့် ဖြစ်တတ်ကြပြီး ဒီလိုအချိန်မျိုးမှာလည်း စူးစူးဝါးဝါး ငိုတတ်ကြပါတယ်… ကလေးငယ်တွေ ဘယ်လိုမှ ချော့မရဘဲ အနည်းဆုံး သုံးနာရီလောက်ကြာအောင် ငိုနေမယ်၊ တစ်ပတ်မှာလည်း ဒီလိုမျိုး အနည်းဆုံး သုံးရက်နဲ့ သုံးပတ်လောက် ဆက်ပြီး ဖြစ်တတ်တာမျိုး ဆိုရင် Colic ခေါ် လေထိုးလေအောင့်နာ ဖြစ်နိုင်ပါတယ်…
တကယ်လို့ မိမိကလေးငယ်ဟာ နို့စို့ပြီးတိုင်း အစာစားပြီးတိုင်း ဂျီကျ အော်ဟစ် ငိုယိုတယ်ဆိုရင် သူဟာ ဗိုက်ထဲမှာ မအီမသာနဲ့နေရခက်နေလို့ ဖြစ်နိုင်ပါတယ်… ဒီလိုဖြစ်ပြီဆိုရင် မိဘတော်တော်များများဟာ လေပုပ်ထုတ်ဆေးတို့ ကလေးလေနာသက်သာဆေးတို့ တိုက်ရမယ်လို့ အယူရှိတတ်ကြပါတယ်… ဒါတွေကိုလည်း ဖြစ်နိုင်ရင် တတ်ကျွမ်းနားလည်တဲ့ဆရာဝန် နဲ့တိုင်ပင်ပြီးမှသာ တိုက်ကျွေးသင့်ပါတယ်…

နောက်တစ်ချက်ကတော့ မိမိရဲ့ကလေးငယ်ဟာ တစ်ခါမှ လေထိုးလေနာ မဖြစ်ဖူးဘူးဆိုရင်တောင် ကလေးငယ်ရဲ့ ဝမ်းဗိုက်( အစာအိမ်နဲ့အူလမ်းကြောင်း) ထဲမှာ တခါတရံ လေ(gas) တွေ ရှိနေတတ်တယ်ဆိုတာပါပဲ… အဲဒီလိုဖြစ်နေပြီဆိုရင် ဒီလေတွေ မထွက်မချင်း ကလေးငယ်ဟာ နေရထိုင်ရမသက်မသာ ဖြစ်နေမှာပါ… ဒီလိုအချိန်မှာ လေထွက်သွားအောင် ကလေးကို အနည်းငယ်လှုပ်ရှားပေးဖို့လိုပါတယ်… ကလေးကို ပက်လက် အနေအထားနဲ့ ကလေးရဲ့ခြေထောက်လေးတွေကို စက်ဘီးနင်းနေတဲ့ ပုံစံမျိုး အသာအယာ လှုပ်ရှားရပေးတာမျိုး ပြုလုပ်ရမှာ ဖြစ်ပါတယ်…

ကလေးငယ်တွေ ဗိုက်နာတဲ့ပြဿနာနဲ့ ပတ်သက်ပြီး အခြားဖြစ်နိုင်ချေရှိတဲ့ ရောဂါအချို့ကတော့
– နို့အန်ထွက်ခြင်း (ကလေးငယ်လေးတွေရဲ့အစာရေမျိုလမ်းကြောင်းဟာ ကောင်းမွန်စွာ မဖွံ့ဖြိုးသေးတဲ့အတွက် အစာတွေ၊ နို့တွေကို မျိုချလိုက်ပြီး ခဏအကြာမှာ ပြန်အန်ထွက်တာမျိုးပါ… Reflux လို့ခေါ်ပါတယ် )
– အထက်လန် အောက်လျှော (Stomach Flu , များသောအားဖြင့် Virus ပိုးကြောင့် ဖြစ်တတ်ပါတယ် )
– နို့နှင့် ဓါတ်မတည့်ခြင်း (Milk Allergy)
– Lactase လို့ခေါ်တဲ့ Enzyme ဓါတ်တစ်မျိုး ချို့တဲ့ နေတဲ့ကလေးငယ်တွေမှာ နို့သောက်ပြီးတဲ့အခါ ဝမ်းလျှောဝမ်းပျက်ဖြစ်ခြင်း (Lactose Intolerance)
– ဝမ်းချုပ်ခြင်း၊ ဝမ်းမှန်မှန်မသွားခြင်း
– အူလမ်းကြောင်း ပိတ်ဆို့ခြင်း တို့ပဲဖြစ်ပါတယ်…

 

၆ လေထုတ်ပေးဖို့ လိုနေလို့လား ?

ကလေးတွေကို လေထုတ်ပေးခြင်းဟာ မဖြစ်မနေ လိုအပ်တာမျိုးတော့ မဟုတ်ပါဘူး… ဒါပေမယ့် နို့တိုက်ပြီး အစာစားပြီးတဲ့အချိန်မှာ ကလေးငယ်ဟာ အော်ဟစ် ငိုနေတယ်ဆိုရင် လေထုတ်ပေးလိုက်လို့ ကလေးနေရ သက်သာပြီး အငိုတိတ်သွားတာမျိုး ရှိတတ်ပါတယ်… ဒီလိုမျိုး ဘာကြောင့်ဖြစ်ရပါသလဲ ဆိုရင် နို့စို့ကလေးအရွယ်တွေဟာ အမေနို့စို့တဲ့အခါ သို့မဟုတ် နို့ဗူးနဲ့စို့တဲ့အခါ ကလေးရဲ့ပါးစပ်ပေါက်မှာ နို့သီးခေါင်းရဲ့ဘေး လွတ်နေတဲ့ နေရာလေးတွေကနေတစ်ဆင့် နို့စို့ရင်း လေတွေကိုပါ မျိုချမိလို့ပဲဖြစ်ပါတယ်… ဒီလိုတွေ ဖြစ်တဲ့အခါမှာ တချို့ကလေးတွေကတော့ မအီမသာ ဝေဒနာမျိုး ခံစားရတတ်ပေမယ့် တချို့ကလေးတွေကျတော့လည်း လေထုတ်ပေးဖို့ လုံးဝတောင် မလိုတတ်တာမျိုးလည်း ရှိပါတယ်…

၇ အရမ်းအေးနေ ဒါမှမဟုတ် အရမ်းပူနေ လို့လား ?
————————————————————–
ကလေးငယ်လေးတွေဟာ သူတို့ကို အနှီး၊ Diaper လဲပေးတဲ့ အချိန်မျိုး၊ ဒါမှမဟုတ် သူတို့ကို အောက်ပိုင်း သန့်ရှင်းရေး လုပ်ပေးတဲ့ အချိန်မျိုးမှာ ငိုတတ်ကြပါတယ်… ဒါဟာ သူတို့ ချမ်းအေးနေပြီ ဆိုတာကို ဖော်ပြခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်…

နောက်တစ်ခုက မွေးကင်းစ ကလေးငယ်တွေကို နွေးနွေးထွေးထွေး ထားပေးဖို့ လိုအပ်ပါတယ်… ဘာကြောင့်လဲ ဆိုတော့ ကလေးငယ်တွေဟာ အပူထက် အအေးကို ပိုကြောက်တတ်ကြလို့ ဖြစ်ပါတယ်… နွေးထွေးအောင် ထားတဲ့အခါမှာလည်း အနှီးတွေ၊ စောင်တွေ အထပ်ထပ်နဲ့ ထွေးပြီး အရမ်းပူအောင်လည်း မလုပ်ရပါဘူး… ယေဘုယျအားဖြင့် လူကြီးတွေ ထက် ကလေးငယ်တွေက အင်္ကျီ တစ်ထပ် ပိုဝတ်ပေးဖို့ လိုအပ်ပါတယ်.. ဥပမာ လူကြီး အင်္ကျီ ၂ ထပ်နဲ့မှ နွေးထွေးပြီး နေလို့ကောင်းနေမယ် ဆိုရင် ကလေးကို အင်္ကျီ ၃ ထပ်ဝတ်ပေးလိုက်ဖို့ပါပဲ…

 

၈ အရာဝတ္ထု သေးသေးမွှားမွှားလေးတွေက ဒုက္ခ ပေးနေလို့လား ?
—————————————————————————-
တခါတရံ ရုတ်တရက်မတွေ့နိုင်တဲ့ သေးသေးမွှားမွှား အရာလေးတွေကြောင့် ကလေးငယ်တွေ ငိုယို နေရတတ်ပါတယ်… ဥပမာ ကလေးငယ်ရဲ့ လက်ချောင်း ခြေချောင်းလေး တွေကို ဆံချည်မျှင်လေးတွေနဲ့ ရစ်ပတ်မိနေတာမျိုးပါ… တင်းတင်းကြပ်ကြပ် ရစ်ပတ်မိနေပြီး သွေးကြောလေးတွေ ပိတ်မိတဲ့ အထိ ဖြစ်စေခဲ့ရင် ကလေးငယ်ဟာ နာကျင်မှုကြောင့် ရုတ်တရက် အပြင်းအထန် ငိုကြွေးနိုင်ပါတယ်… ဒါကြောင့် မိမိရဲ့ ကလေးငယ်လေး ဘာအကြောင်းမှန်း မသိ ရုတ်တရက် အပြင်းအထန် ငိုကြွေးခဲ့ရင် ဒီလို အကြောင်းကြောင့်လား ဆိုပြီး သတိချပ်ကာ ရှာဖွေကြည့်သင့်ပါတယ်…

တချို့ကလေးငယ်တွေကျတော့ အာရုံခံစားမှု လွန်ကဲတာကြောင့် အဝတ်အထည်တွေရဲ့ တံဆိပ် ဒါမှမဟုတ် ကြမ်းရှရှ ပိတ်စတွေကြောင့် အသားကို ခြစ်မိတဲ့ အခါမျိုးမှာ အလိုမကျဖြစ်ပြီး ငိုတတ်ကြပါသေးတယ်… ဒီလို “အထိမခံ ရွှေပန်းကန်” ကလေးငယ်တွေဟာ သူတို့ကို ပွေ့ထားချီထားတဲ့အနေအထားက စ လို့ သူတို့ကို တိုက်ကျွေးတဲ့ နို့ဗူး အဆုံး တစ်ခုမဟုတ်တစ်ခု သူတို့ မနှစ်သက်တာနဲ့ အလွယ်တကူ ငိုယိုတတ်ကြပါတယ်…

 

၉ သွားပေါက်နေတာလား ?
—————————————
များသောအားဖြင့် ကလေးတွေဟာ အသက် ၄ လမှ ၇ လအတွင်းမှာ သွား စ ပေါက်လေ့ရှိပြီး ဒီထက်လည်း စောနိုင်ပါတယ်…

ကလေးငယ်တွေရဲ့ နုနယ်တဲ့သွားဖုံးလေးတွေကို သွားချွန်ချွန်လေးတွေက တိုးထွက်လာတဲ့အခါ ကလေးတွေဟာ နာကျင်မှုကိုခံစားရပါတယ်… တချို့ကလေးတွေက ပိုပြီး သိသိသာသာခံစားရတတ်ပါတယ်… ဒါပေမယ့် ကလေးတွေအားလုံးဟာ သွား စ ပေါက်ကာနီး အချိန်မှာ အနည်းနဲ့ အများတော့ ဂျီကျတတ်၊ မကြာခဏ ငိုတတ်ကြပါတယ်… ဒီလိုတွေဖြစ်ပြီဆိုရင် သူရဲ့သွားဖုံးနုနုလေးတွေကို လက်နဲ့စမ်းကြည့်လိုက်ပါ… စပြီး ထိုးထွက်လာတော့မယ့် သွားလေးတွေကို ခပ်မာမာ အဖုလေးတွေအဖြစ် အံ့သြဖွယ် တွေ့ရမှာ ဖြစ်ပါတယ်…

 

၁၀ စိတ်ရှုပ်လာ/အာရုံနောက်လာလို့လား ?
—————————————————–
ကလေးငယ်တွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင် လှုံ့ဆော်မှုတွေကနေတစ်ဆင့် ကမ္ဘာလောကကြီးအကြောင်းကို လေ့လာသင်ယူရပါတယ်… (ဥပမာ – စကားပြောသင်တာမျိုး )
ဒါပေမယ့် တခါတရံ ပတ်ဝန်းကျင်ရဲ့လှုံ့ဆော်မှုတွေ အရမ်းများလာတဲ့အခါမှာ အရာအားလုံးကို တစ်ပြိုင်နက်တည်း သင်ယူနိုင်ဖို့ သူတို့လေးတွေအတွက် ခက်ခဲတတ်ပါတယ်… အလင်းရောင်စူးစူးတွေ၊ ဆူညံသံတွေ၊ လူတစ်ယောက်ပြီးတစ်ယောက် ပြောင်းချီတာတွေ အစရှိသဖြင့် အာရုံထွေပြားလာတဲ့အခါ ကလေးငယ်ဟာ စိတ်ရှုပ်လာပြီး ငိုကြွေးတတ်ပါတယ်…

ဒီလိုတွေဖြစ်လာရင် မွေးကင်းစကလေးအရွယ်တွေကတော့ သူတို့ကို ရင်ခွင်ထဲထည့်ပြီး ပွေ့ဖက်ထားတာကို လိုလားကြပါတယ်… တစ်နည်းအားဖြင့် သူတို့အတွက် မိဘတွေရဲ့ ရင်ခွင်ဟာ ရှုပ်ထွေးလှတဲ့ကမ္ဘာကြီးရဲ့ နှောင့်ယှက်မှုကနေ ဘေးကင်းလုံခြုံရာလို့ ခံစားရစေပါတယ်…

ဒါပေမယ့် မိမိရဲ့ကလေးငယ်ဟာ မွေးကင်းစလေးလည်း မဟုတ်တော့ဘူး၊ သူ့ကို ပွေ့ဖက်ထားတာမျိုးကိုလည်း မနှစ်သက်တတ်ဘူးဆိုရင်တော့ သူ့ကို တိတ်တိတ်ဆိတ်ဆိတ် ရှိတဲ့ အခန်းတစ်ခုပဲဖြစ်ဖြစ် ရှုခင်းလှလှလေးတွေရှိတဲ့နေရာကိုပဲဖြစ်ဖြစ် ခေါ်သွားပြီး စိတ်ထွက်ပေါက်ပေးလိုက်သင့်ပါတယ်…

 

၁၁ ငြိမ်ငြိမ်နေရတာ မကြိုက်တော့ဘူးလား ?
——————————————————-
တချို့ကလေးငယ်တွေကျပြန်တော့ ငြိမ်နေရထက်စာရင် သူတို့ကို ချော့မြှူပေးတာတွေ ကစားပေးတာတွေ အိမ်အပြင်ခေါ်သွားတာတွေ ကို တော်တော်လေး နှစ်သက်ကြပါတယ်… အသစ်အဆန်းတွေကို သိချင်မြင်ချင်စိတ်တွေ ပြင်းပြကြပါတယ်…
ဒီလိုကလေးမျိုးကို ထိန်းရတဲ့မိဘတွေကတော့ အနည်းငယ်အပင်ပန်းခံရပါတယ်…

မိမိအိမ်အလုပ်တွေလည်း မပျက်လုပ်နိုင်အောင် ဟိုသွားဒီသွား သူတို့ကိုချီသွားလို့ရမယ့် ရင်ဘတ်သိုင်းအိတ်တွေ၊ ကျောပိုးပြီး ချီထားလို့ရတဲ့အိတ်တွေနဲ့ သူတို့ကို ချီပိုးထားသင့်ပါတယ်… ဒါ့အပြင် ကလေးငယ်လေးတွေရှိတဲ့ အိမ်နီးချင်းမိသားစုတွေနဲ့စုပြီး ပျော်ပွဲစားထွက်တာမျိုး၊ ကလေးတွေနှစ်သက်တတ်တဲ့ ကစားကွင်း၊ တိရိစ္ဆာန်ရုံ စသဖြင့် နေရာတွေကိုလည်း ခေါ်သွားတာမျိုး အစီအစဉ်တွေ ပြုလုပ်သင့်ပါတယ်…

 

၁၂ နေမကောင်းလို့လား ?
———————————–
တကယ်လို့မိမိရဲ့ကလေးငယ်ဟာ အထက်ပါအကြောင်းအရာတွေကြောင့် ငိုတာလည်း မဟုတ်ဘူး၊ ဘယ်လိုချော့ချော့လည်း အငိုမတိတ်သေးဘူး ဆိုရင်တော့ အဖျားတိုင်းကြည့်တာမျိုး၊ တခြားမူမမှန်တဲ့လက္ခဏာတွေရှိသလားဆိုပြီး စောင့်ကြည့်တာမျိုး ပြုလုပ်ပေးရပါမယ်…

ကလေးငယ်တွေ နေမကောင်းလို့ငိုတဲ့အခါ ဗိုက်ဆာတာတို့ အလိုမကျတာတို့ကြောင့် ငိုတာနဲ့ အနည်းငယ်ကွဲပြားတတ်ပါတယ်… ဒါကြောင့် မိမိရဲ့ကလေးငယ်လေး ငိုနေတာ မူမမှန်ဘူးလို့စိတ်ထဲမှာ သံသယဝင်လာခဲ့ရင် ဆရာဝန်နဲ့ သေချာပြသလိုက်တာဟာ အကောင်းဆုံးဖြစ်ပါတယ်…

+++++++++++++++++++++++

 

နိဂုံးချုပ် အနေနဲ့ ပြောရရင် ကလေးငယ်တွေ ငိုကြွေးခြင်းမှာ သေချာတဲ့ အကြောင်းအရင်းတွေ ရှိနေကြပါတယ်… ဒါပေမယ့် သူတို့လေးတွေဟာ စကားမပြောတတ်သေးတဲ့အတွက် သူတို့ဘာလိုအပ်နေသလဲ? ဘာတွေ ပြောပြချင်နေလဲ ဆိုတာ ကလေးအကြောင်း အလွန်နားလည်တဲ့ မိဘတွေတောင် မခန့်မှန်းနိုင်တဲ့ အခါမျိုး ရှိတတ်ပါတယ်…

ဒီဆောင်းပါးလေးထဲမှာ ကလေးငယ်လေးတွေ ဘာလို့ငိုရသလဲ ? ငိုရင် မိဘတွေက ဘာတွေ လုပ်ပေးသင့်လဲ ဆိုတဲ့အချက်လေးတွေ တတ်နိုင်သမျှ စုံစုံလင်လင် မျှဝေထားတဲ့အတွက် အကျိုးရှိစွာ အသုံးချနိုင်မယ်လို့ ထင်ပါတယ်…

အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ…
Dr Mild

Comment ( 1 )

  • Avatar

    very useful article

To Top