ကလေးငယ်နှင့် ခေါင်းချွေးထွက်ခြင်းအကြောင်း သိကောင်းစရာ

ကလေးမိခင်တွေဆီက မကြာခဏ ဆိုသလို အမေးများလွန်းတဲ့ မေးခွန်းက "ကလေး
ခေါင်းချွေးအထွက်များလွန်းလို့ စိုးရိမ်ရသလား?" ဆိုတာပဲဖြစ်ပါတယ်… ကလေးတွေမှာ
ဦးခေါင်း ချွေးထွက်များခြင်း ဘာကြောင့် ဖစ်သလဲဆိုတာ ကြည့်ကြရအောင်…
ကလေးငယ်ရဲ့ ချွေးထွက် ဂလင်းအလုပ်လုပ်ပုံ
————————————————
ကလေးငယ်လေးတွေကို လေ့လာမှုတွေ ပြုလုပ်ကြည့်တဲ့အခါ ချွေးထွက်ခြင်းဟာ
ဦးခေါင်းပိုင်း (နဖူးနှင့် နားထင်) မှာ စတင်တတ်တာကို တွေ့ရှိရပါတယ်… ဒါဟာ ကိုယ်ခန္ဓာမှာ ရှိတဲ့
ချွေးထွက်ဂလင်း အများစုဟာ အလုပ်မလုပ်သေးဘဲ ဦးခေါင်းမှာ ရှိတဲ့ ဂလင်းတွေက
စတင်အလုပ်လုပ်ခြင်းကြောင့် ဖစ်ရတယ်လို့ ယူဆကြပါတယ်…
ကလေးငယ်ရဲ့ ကိုယ်ခန္ဓာက ပတ်ဝန်းကျင်ကို ပူတယ်လို့ ခံစားရချိန်မှာ တုံ့ပြန်မှုအနေနဲ့
ချွေးထွက်ပါတယ်… ဒါပေမဲ့ လူကြီးတွေလို တစ်ကိုယ်လုံးမှာ ရှိတဲ့ ချွေးဂလင်းတွေ
အလုပ်မလုပ်သေးတာကြောင့် active glands တွေရှိနေတဲ့ ဦးခေါင်းကနေ
ချွေးထွက်ခြင်းကို ပိုမို တွေ့ရှိရတတ်ပါတယ်…

ဖျားနာခြင်း
————-
ဦးခေါင်းချွေးထွက်ခြင်းရဲ့ နောက်ထပ် ဖစ်နိုင်ချေကတော့ ဖျားနာခြင်း ဖစ်ပါတယ်…
ဒါပေမဲ့ ဒီနေရာမှာ သတိပြုဖို့က ကလေးငယ်တွေရဲ့ ဦးခေါင်းဟာ တခြားနေရာတွေထက်
အနည်းငယ် ပိုပူတတ်ခြင်းပါပဲ… ဒါကြောင့် နဖူးလေးကို လက်နဲ့ စမ်းကြည့်ပြီး
ကိုယ်ပူနေတယ်၊ ဖျားနေတယ်လို့ သတ်မှတ်လို့ မရပါဘူး…
ကလေးငယ် ဖျားနေသလား၊ မဖျားနေဘူးလားဆိုတာ တိတိကျကျသိရှိနိုင်ဖို့ အကောင်းဆုံးက
အပူချိန် တိုင်းတာကြည့်တာပါ… ဒီလို တိုင်းတာဖို့ မလွယ်ကူရင်တော့ ကလေးရဲ့
ပါးလေးဖြစ်စေ၊ မေးစေ့အောက် နေရာလေးကို ဖစ်စေ စမ်းသပ်ကြည့်တာက နဖူးကို
စမ်းသပ်ကြည့်တာထက် ကလေးရဲ့ အပူချိန်ကို ခန့်မှန်းနိုင်ဖို့ ပိုမို နီးစပ်နိုင်ပါတယ်…
ကိုယ်အပူချိန်တိုင်း ကိရိယာနဲ့တိုင်းတာကြည့်လို့မှ မဖျားနာဘူးဆိုရင်တော့ ယေဘုယျအားဖြင့်
စိတ်ပူစရာ မရှိတော့ပါဘူး… သင့်ရဲ့ ကလေး ခေါင်းပူတာ၊ ခေါင်းချွေးထွက်တာဟာ ပုံမှန်ပဲ
ဖစ်ပါတယ်…

နို့တိုက်ကျွေးစဉ် ချွေးထွက်များခြင်း
————————————–
တခါတရံ မိခင်နို့ တိုက်ကျွေးနေစဉ်မျိုးမှာ ကလေးခေါင်းက ပိုချွေးထွက်တတ်ပါတယ်…
ဒီလိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ခုက့ တိုက်ကျွေးစဉ်မှာ
ကလေးဦးခေါင်းလေးကို မိခင်လက်နဲ့ ထိန်းထားပေးရတတ်တာကြောင့် လက်ကအပူချိန်နဲ့
ကလေးခေါင်းက ပိုချွေးထွက်တတ်တာမျိုးဖြစ်ရတာပါ… ဒီလိုမဟုတ်ဘဲ့ တိုက်ကျွေးစဉ်တိုင်း
ကလေးဦးခေါင်းက သိသိသာသာ ချွေးထွက်များနေရင်တော့ ကလေးကို ဆရာဝန်နဲ့
ပြသစစ်ဆေးသင့်ပါတယ်…

ညဖက် ချွေးထွက်များခြင်း
—————————-
ညဖက် ကလေးအိပ်စဉ်မှာ ချွေးထွက်များခြင်းကိုလည်း တခါတရံ တွေ့ရတတ်ပါတယ်…
ဒါဟာလည်း ဖစ်ရတဲ့ ပုံမှန်အကြောင်းရင်းရှိနေပါတယ်… ကလေးငယ်လေးတွေဟာ
လူကြီးတွေလို အိပ်ပျော်နေစဉ်မှာ အနေအထား မပြောင်းတတ်တဲ့အတွက် ပုံစံတစ်ခုတည်း
အိပ်နေတဲ့အခါ ဦးခေါင်းနဲ့ ခေါင်းအုံး တစ်နေရာတည်း ကြာရှည်ထိထားတဲ့အတွက်
အပူများပြီး ခေါင်းချွေးပိုထွက်ရခြင်း ဖစ်ပါတယ်…

ဘာလုပ်သင့်သလဲ ?
———————–
အပေါ်မှာ ပြောခဲ့သလိုပဲ ကလေး ဦးခေါင်းကနေ ချွေးထွက်များခြင်းဟာ တနည်းအားဖြင့်
ကလေးရဲ့ ကိုယ်ခန္ဓာက ပတ်ဝန်းကျင်ရဲ့ အပူချိန်ကို များနေတယ်လို့ ခံစားနေရလို့ပါ… ဒါကြောင့်
ကလေးနေတဲ့၊ အိပ်တဲ့ ပတ်ဝန်းကျင်ကို အပူအအေး မျှတအောင် ပြုလုပ်ပေးသင့်ပါတယ်…
အေးတဲ့အချိန်မှာ အနွေးထည်၊ ပူတဲ့အချိန်မျိုးမှာ အင်္ကျီပွပွ စသဖြင့် ရာသီဥတုနဲ့ကိုက်ညီတဲ့ အဝတ်အစားမျိုးကို
ဝတ်ဆင်ပေးရပါမယ်…
ကလေး ချွေးထွက်များလွန်းချိန်မှာ မိခင်နို့ကို ပိုတိုက်ကျွေးပေးပါ…
ခေါင်းချွေးထွက်များခြင်း အပြင်၊ ဖျားနာခြင်း၊ ကိုယ်အလေးချိန် ကျခြင်း၊ ချောင်းဆိုးခြင်း
စသဖြင့် ထူးထူးခြားခြား လက္ခဏာတွေပါ ရှိနေရင်တော့ ကလေးကို ဆရာဝန်နဲ့ ပြသပြီး
ကျန်းမာရေး စစ်ဆေးကြည့်သင့်ပါတယ်…
ကျန်းမာပျော်ရွှင်ကြပါစေ…
ဒေါက်တာ ကျော်စွာသက် @ Dr.Mild (5.6.18)

 

No Comments

Comments are closed.

To Top