တုပ်ကွေးအန္တရာယ် သိမှတ်ဖွယ် (၂)

မေး။   ။ ကလေးတုပ်ကွေးဖျားရင် ဘာတွေစောင့်ကြည့်ရမလဲ။

ဖြေ ။   ။ ကလေးတစ်ယောက် မိုးရာသီမှာ ဖျားရင် သွေးလွန်တုပ်ကွေးရောဂါကို ခေါင်းထဲမှာ အမြဲထားရမှာဖြစ်ပါတယ်။ တုပ်ကွေးဖျားတဲ့ကလေးတွေဟာ လူကြီးတွေလိုပဲ ကိုယ်လက်တွေ နာပါတယ်။ စောင့်ကြည့်ရမယ့် လက္ခဏာတွေကတော့

– အဖျားကြီးပြီး မှိန်းလာသလား။

– အန်ရင် ကော်ဖီနှစ်ရောင်ပါသလား။

– ဝမ်းသွားရင် အမည်းရောင်ပျော့ပျော့ သွားသလား။

– ဗိုက်အောင့်သလား။

– အရည်မသောက်ခြင်း၊ အစာလုံးဝမစားခြင်း။

– ခြေသလုံး၊ လက်မောင်း အေးစက်ခြင်း။

– ကလေး ဂနာမငြိမ်ဖြစ်ခြင်း။

– ခြေလက်များတွင် သွေးခြည်ကလေးများ ထွက်ခြင်း။

 

မေး။   ။ တုပ်ကွေးဖျားနေတဲ့ ကလေးကို ဘယ်လိုပြုစုရမလဲ။

ဖြေ ။   ။ တုပ်ကွေးဖျားနေတဲ့ ကလေးကို

– ပါရာစီတမော တိုက်ပါ။

– အရည်များများတိုက်ပါ။ ဓာတ်ဆားရည်တိုက်ပါ။

– အညိုရောင်အစာ မကျွေးရ။

– အဖျားကြီးရင် ရေဖတ်သုတ်ပါ။ အဖျား ၁ဝ၂ ဒီဂရီရှိရင် စအိုမှ (paracetamol) ဆေးတောင့် ထည့်လို့ရပါတယ်။

– အရမ်းထူသော သိုးမွေးအဝတ်၊ နိုင်လွန်အင်္ကျီထူများ မဝတ်ရ။

– ချည်ထည်အင်္ကျီများ ဝတ်ပေးပါ။

– ကြေလွယ်သော အစာများကို နည်းနည်းချင်း ခဏခဏကျွေးပါ။

– မက်ကလောင် မဖောက်ရ။

– အဖျားတက်နေသော ကလေးရဲ့ပတ်ဝန်းကျင်ကို အေးအောင်၊ လေဝင်လေထွက်ကောင်းအောင် ထားပေးပါ။

 

မေး။   ။ တုပ်ကွေးဖျား မဖျားအောင် ဘယ်လိုနေထိုင်ရမလဲ။

ဖြေ ။   ။ တုပ်ကွေးရောဂါသည် (virus) ပိုးကြောင့်ဖြစ်တာမို့ မိုးလေထဲမှတစ်ဆင့် ကူးနိုင်ပါတယ်။ ဒါကြောင့် လူထူထပ်တဲ့နေရာ မသွားပါနဲ့။

– အအေးမမိပါစေနှင့်။

– ကိုယ်ခံအားကောင်းအောင် အစားအသောက်၊ အနေအထိုင် ဆင်ခြင်ပါ။

– နှာစေး၊ ချောင်းဆိုးရင် ပါးစပ်ကို လက်ကိုင်ပုဝါနဲ့ အုပ်ထားခြင်းဖြင့် သူများကို ရောဂါမကူးအောင် ကာကွယ်ပါ။

– Cevit ကဲ့သို့သော ဆေးများကို သောက်ပါ။

 

မေး။   ။ သွေးလွန်တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။

ဖြေ ။   ။ နေ့ဘက်ကိုက်သော ခြင်ကြားမှတစ်ဆင့် သွေးလွန်တုပ်ကွေးဖြစ်သောကြောင့် ခြင်ကြားမပေါက်အောင် ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ခြင်ကြားက ရေကြည်ရေသန့်မှာ ပေါက်ပွားလေ့ရှိပါတယ်။ ခြင်ကြားမပေါက်ပွားနိုင်အောင် အောက်ပါနည်းလမ်းများဖြင့် ကာကွယ်ရမှာဖြစ်ပါတယ်။

ဖုံး          – ရေစည်၊ ရေအိုးများကို ‘ဖုံး’ အုပ်ထားပါ။

သွန်       – ရေစည်၊ ရေအိုးမှ ရေများကို ၃ ရက်တစ်ခါ ဆေးကြော ‘သွန်’ လောင်းပါ။

စစ်         – ရေစည်၊ ရေအိုးထဲ ရေအသစ်ထည့်လျှင် ပိုးလောက်လန်းကင်းစေရန် ရေ ‘စစ်’ ပြီးမှထည့်ပါ။

လောင်း   – ကြောင်အိမ်အောက်ခံ ရေခွက်များထဲသို့ စက်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဆီ၊ ဆားတစ်ခုခု နည်းနည်း ‘လောင်း’ ထည့်ထားပါ။

မှုတ်       – ခြင်နှင့် ပိုးဟပ်နှိမ်နင်းရန် ဆေးဖျန်း၊ ဆေး ‘မှုတ်’ အဖွဲ့ အကူအညီယူပါ။

ရှင်း       – အိမ်တွင်းအိမ်ပြင် ရေမြောင်းများ သန့် ‘ရှင်း’ ပါစေ။

ထောင်   – နေ့ဘက်အိပ်လျှင် ခြင်ထောင် ‘ထောင်’ အိပ်ပါ။

ဖွင့်        – နေအိမ်ခန်းအတွင် နေရောင်ခြည်ဝင်နိုင်ရန် ပြတင်းပေါက် ‘ဖွင့်’ ပါ။

ခပ်        – ရေစည်၊ ရေအိုးတွင်းမှ ပိုးလောက်လန်းများ ‘ခပ်’ ပစ်ပါ။

မြှုပ်       – မိုးရေတင်နိုင်သော ခွက်၊ တာယာစုတ်၊ နို့ဆီခွက်၊ အုန်းမှုတ်ခွက်၊ အိုးခြမ်းကွဲများကို မြေ ‘မြှုပ်’ ပါ။

 

တုပ်ကွေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးနိုင်ကြပါစေ။

No Comments

Comments are closed.

To Top