ဘေဘီလေးတို့အရေး ဆွေးနွေးရအောင် (၂၉)

မေး။   ။ ကလေးနို့မဝတဲ့အခါ နို့ဘူးတိုက်လို့ ရပါသလား။

ဖြေ။   ။ မိခင်နို့ကိုခဏခဏပေးစို့လျှင် နို့ထွက်များလာပြီးကလေးနို့ဝလာမှာပါ။ ကလေးကို နို့မတိုက်ခင် မိခင်ကအရည်များများသောက်ပါ။ နို့၊ ကော်ဖီတို့ သောက်လို့ရပါတယ်။ မိခင်နို့သာကလေးအတွက် အကောင်းဆုံးမို့ မိခင်နို့သာတိုက်ပါ။ ကလေးနို့စို့ပြီးရင် ကျန်နေတဲ့နို့ကိုညှစ်ထုတ်ပေးလိုက်မှသာ နို့အပြည့်ပြန်ဖြစ်ပါမယ်။ ညှစ်မထုတ်လိုက်ပါက နို့တစ်ဝက် (သို့မဟုတ်) နေရာရှိသလောက် နို့ပြန်ဖြစ်ပြီး နို့ထွက်နည်းသွားတတ်ပါတယ်။ နို့ဘူးမတိုက်သင့်ပါ။ နို့ကိုညှစ်ပြီးဇွန်းနှင့် တိုက်နိုင်ပါတယ်။

 

မေး။   ။ နို့တိုက်နေသောမိခင် အစားရှောင်ဖို့ လိုပါသလား။

ဖြေ။   ။ အစားရှောင်ဖို့ မလိုပါ။ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးအစိုအခြောက် အကုန်စားပါ။ သို့မှသာအာဟာရပြည့်ဝသောကလေးငယ်များ ဖြစ်လာမှာပါ။

 

မေး။   ။ နို့တိုက်မိခင် အစားရှောင်ပါကဘာဖြစ်တတ်သလဲ။

ဖြေ။   ။ နို့တိုက်မိခင် အစားရှောင်ရင် ဘယ်ရီဘယ်ရီ (BeriBeri) ခေါ် သူငယ်နာ ကြဗဟုန်ဖြစ်တတ်ပြီးကလေးဝဝတုတ်တုတ်လေး ရုတ်တရက် သေဆုံးတတ်ပါတယ်။ နို့တိုက်မိခင်ကထမင်းကိုဆီဆမ်းစားပြီးငါးခြောက်နှင့်ပဲစားရင် ဖြစ်တတ်ပါတယ်။ B1 ဓာတ် လျော့နည်းသွားလို့ ဖြစ်တာပါ။ ဒါကြောင့် B1 ဓာတ်ပါတဲ့ ဝက်သား၊ ပဲအမျိုးမျိုး၊ ထမင်းရေခန်းချက်စားခြင်း၊ ထမင်းရည်သောက်ခြင်းဖြင့် B1 ဓာတ်မချို့တဲ့အောင် ကာကွယ်နိုင်ပါတယ်။

 

မေး။   ။ ထမင်းဝါးခွံ့တာကောင်းပါသလား။

ဖြေ။   ။ မကောင်းပါ။ မိခင်ပါးစပ်ထဲမှ မကောင်းသောပိုးမွှားများပါသွားနိုင်ပါတယ်။

 

မေး။   ။ ဘယ်အချိန်မှာ နို့အပြင် အခြားဖြည့်စွက်စာစကျွေးရပါမလဲ။

ဖြေ။   ။ ကလေးအသက် (၆) လမှစ၍ မိခင်နို့တစ်မျိုးတည်းနဲ့ မလုံလောက်တော့၍ ဖြည့်စွက်စာကျွေးရပါမယ်။

No Comments

Comments are closed.

To Top