အရေပြား၏ လုပ်ငန်းများ

အရေပြားဆိုတာ ခန္ဓာတစ်ခုလုံးကို ဖုံးထားတယ်။ အရေပြားဟာ တစ်ချိန်လုံး အဆက်မပြတ် လှုပ်ရှားအလုပ်တွေ အများကြီးလုပ်နေတယ်။ ပြောင်းလဲနေတတ်တယ်။ အရေပြားအလုပ်တွေ အကြောင်းကို နားလည်စေချင်ပါတယ်။

 

(ထိခိုက်ဒဏ်ရာမှ ကာကွယ်ပေးခြင်း)

အရေပြားမှာရှိတဲ့ ဆဲလ်လေးတွေ တစ်ခုနဲ့တစ်ခု ထိကပ်ပူးပေါင်းဖွဲ့စည်းထားတယ်။ ဒါကြောင့် အရေပြားကို ဖိမိ၊ ထိမိ၊ ပွတ်မိရုံနဲ့ အရေပြားက ပျက်စီးမသွားနိုင်ဘူး။ အရေပြားအောက်က အဆီထုက ကာကွယ်ပေးထားပါတယ်။

(ရေမဝင်အောင် ကာကွယ်ပေးခြင်း)

Keratinocyte လို့ခေါ်တဲ့ အရေပြားဆဲလ်လေးတွေက ဆက်ပြီး၊ အလွှာအချပ်လေးတွေနဲ့ အဆီကျိတ်တွေက ထွက်တဲ့ အဆီလွှာလေးကလည်း ရေဖောက်မဝင်နိုင်အောင် ကာကွယ်ထားတယ်။ ဒီလိုပဲ ခန္ဓာကိုယ်ထဲက ရေဓာတ်ကို မဆုံးရှုံးအောင် ကာကွယ်နိုင်စွမ်းလည်းရှိတယ်။ ခန္ဓာကိုယ်ထဲက ရေဓာတ်မဆုံးရှုံးအောင် ကာကွယ်ပေးနိုင်ပါတယ်။

(ခန္ဓာကိုယ် ဆန့်နိုင်၊ ကျုံနိုင်ခြင်း)

အရေပြားမှာရှိတဲ့ ကော်လဂျင်လို့ခေါ်တဲ့ အမျှင်လေးတွေနဲ့ Elastic အမျှင်လေးတွေက အရေပြားတွန့်လိုက်၊ ခေါက်လိုက်ဖြစ်တာကို ထိန်းထားပေးတယ်။ ဒါကြောင့် လမ်းလျှောက်တဲ့အခါ၊ ခါးကိုင်း၊ လက်လှုပ်တဲ့အခါလိုမျိုး အရေပြားက ဆွဲဆန့် လှုပ်ရှားခံရတာတောင် အရေပြားက မူလအရွယ်အတိုင်း ပြန်ဖြစ်တယ်။

(အပူချိန်နှင့် အရေပြား)

အရေပြားဟာ ရာသီဥတုပူပြင်းတဲ့အခါ အရေပြားမှာရှိတဲ့ သွေးကြောတွေ ကျယ်လာပြီး၊ ချွေးငွေ့ပြန်ခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကျအောင် ထိန်းပေးပါတယ်။ အေးလာရင် သွေးကြောတွေကျဉ်းပြီး၊ အပူချိန်ထိန်းထားပေးတယ်။ ဆံပင်တွေကတော့ ခန္ဓာကိုယ်ကိုနွေးအောင် လုပ်ပေးတယ်။ Arrector pili ဆိုတဲ့ ကြွက်သားလေးကလည်း ရာသီဥတုအေးလာရင် ကြက်သီးဖုလေးတွေ ထစေပြီး၊ အပူထိန်းပေးတယ်။ အရေပြားမှာရှိတဲ့ အဆီလွှာထုကလည်း ခန္ဓာကိုယ်ပူနွေးအောင် ထိန်းပေးတယ်။

(နေရောင်ကာကွယ်ခြင်း)

အရေပြားဆဲလ်အလွှာတွေနဲ့ အရေပြားရဲ့ ရောင်ချယ်မှုန်တွေဟာ နေရောင်ခြည်ရဲ့ဒဏ်ကို ကာကွယ်ပေးပါတယ်။ အသားရောင်ရင့်၊ ညိုသူတွေက ရောင်ချယ်မှုန် Melanin များလို့ နေလောင်တာ အလွယ်မဖြစ်ကြပါဘူး။ ဆံပင်ကလည်း ဦးခေါင်းကို နေပူဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။

(စစ်ထုတ်ခြင်း Secretions)

အဆီကျိတ် sebaceous glands လေးတွေက အဆီ Sebum ကို စစ်ထုတ်ပေးပါတယ်။ ဒီအဆီတွေက အရေပြားအပေါ်မှာ အဆီလွှာလေးဖြစ်စေပြီး၊ ဓာတုပစ္စည်း၊ အဆိပ်သင့်ပစ္စည်းတွေရန်က ကာကွယ်ပေးတယ်။ Eccrine sweat glands လို့ခေါ်တဲ့ ချွေးဂလင်းနဲ့ Apocrine glands ဆိုတဲ့ ချွေးဂလင်းတွေကတော့ ချွေးကို ထုတ်ပေးပါတယ်။ ချွေးထွက်ခြင်းကြောင့် ခန္ဓာကိုယ် အပူချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

(စွန့်ထုတ်ခြင်း)

အရေပြားက အရည်နဲ့ ခန္ဓာကိုယ်အတွက် မလိုတော့ပေမယ့် ပစ္စည်းတွေဖြစ်တဲ့ Urea, Amonia စတဲ့ ပစ္စည်းတွေကို စွန့်ထုတ်ပေးတယ်။

(စုတ်ယူခြင်း)

အရေပြားကို လိမ်းဆေးလိမ်းတဲ့အခါ ဆေးတွေကို အရေပြားကစုတ်ယူပြီး သွေးကြောထဲရောက်သွားပြီး ရောဂါပျောက်အောင် ကုနိုင်စွမ်းရှိပါတယ်။

(ကိုယ်ခံစွမ်းအား စနစ်တွင် ပါဝင်ခြင်း)

အရေပြားမှာ အရေပြားအလွှာအဖြစ် ပါဝင်နေတဲ့ ဆဲလ်တွေက ခန္ဓာကိုယ်ရဲ့ အဓိကကိုယ်ခံစွမ်းအားစနစ်မှာ ပါဝင်ပြီး၊ စစ်တပ်ကြီး တစ်ခုလို ကာကွယ်ပေးနေပါတယ်။ အရေပြားက ဘက်တီးရီးယားပိုး၊ မှိုပိုး၊ ဗိုင်းရပ်စ်ပိုးတို့ကိုလည်း ခံနိုင်ရည်ရှိပါတယ်။ အရေပြားရဲ့ အဆီလွှာကတော့ ပိုးတွေကို တွန်းထုတ်၊ တိုက်ထုတ်နိုင်ပါတယ်။ ထို့အပြင် ဓာတုပစ္စည်းများ အန္တရာယ်မှလည်း အရေပြားက ကာကွယ်ပေးပါတယ်။

(အနာကျက်ခြင်း)

အရေပြားဟာ ထိခိုက်ဒဏ်ရာရရင် သူ့ဘာသာ အနာကျက်စေနိုင်ပါတယ်။ အနာကျက်၊ အသားတက်စေမယ့် ကော်လဂျင်၊ သွေးခဲစေတဲ့ပစ္စည်း အစရှိတဲ့ အနာကို အသားတက်စေမယ့် ပစ္စည်းတွေကို ထုတ်ပေးနိုင်စွမ်းရှိပါတယ်။

(ဇီဝဖြစ်စဉ်တွင် ပါဝင်ခြင်း Metabolic function)

အရေပြားက အရိုးသန်မာစေမယ့် ဗိုက်တာမင် ဒီကို နေရောင်နဲ့ပေါင်းပြီး ထုတ်လုပ်ပေးတယ်။ ပရိုတိန်း၊ အဆီ စသည်တို့ကို ထုတ်ပေးတယ်။

(သိုလှောင်ခြင်း Storage)

အရေပြားမှာ အဆီထုရှိတယ်။ ဒါကြောင့် ကလေးတို့ ပါးလေးတွေ ပြည့်ပြည့်ဖောင်းဖောင်း အိအိလေးတွေ ဖြစ်နေတာပေါ့။ ဒါ့အပြင် အရေပြားဆဲလ်တွေမှာ ဆားဓာတ်၊ ရေ၊ ဗိုက်တာမင်၊ ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတိန်းတွေကို သိုလှောင်ပေးတယ်။

(အသားအရေ ပျော့ပျောင်းစေခြင်း)

ထိကပ်နေတဲ့ အရေပြားဆဲလ်တွေ၊ အရေပြားကထွက်တဲ့ ချွေးနဲ့ အဆီတွေက အရေပြားစိုစွတ် ပျော့ပျောင်းအောင် လုပ်ပေးပါတယ်။

(အာရုံခံစားစေခြင်း)

အာရုံကြောတွေကတော့ အာရုံခံစားခြင်း၊ အပူအအေး ထိတွေ့မှု၊ အရာဝတ္ထုများကို သိမှု၊ နာကျင်မှု၊ တုန်ခါမှု၊ ယားခြင်းတွေကို ခံစားစေပါတယ်။ ဒါပေမယ့် အရေပြားထိခိုက်ဒဏ်ရာရရင်တော့ အရေပြားရဲ့ ကာကွယ်နိုင်စွမ်းက နည်းသွားတတ်တယ်။ ဒါကြောင့် အရေပြား ပုံမှန်တာဝန်တွေ ပြုလုပ်ရအောင် အရေပြားကို ထိန်းသိမ်းဖို့ လိုအပ်လှပါတယ်။

No Comments

Comments are closed.

To Top