အသက် (၆) လမှ (၅) နှစ်အထိ ကလေးများအတွက် မိခင်တိုင်းသိထားသင့်သော… အစာအာဟာရအကြောင်း သိဖွယ်ရာများ

ကလေးအားဖြည့်စွက်စာကျွေးရပါတော့မည်။

မိခင်နို့တစ်မျိုးတည်းဖြင့် အာဟာရဓါတ်များ ပြည့်စုံစွာမရရှိနိုင်တော့ခြင်းကို ဖြည့်စွက်ရန်ဖြစ်ပါသည်။ စားသုံးသင့်သော ဖြည့်စွက်စာများသည် အင်းအား(ကယ်လိုရီ)၊ ပရိုတင်း၊ ဗီတာမင်အေ နှင့် သံဓါတ် တို့ဖြစ်ကြပါသည်။ ၄င်းအာဟာရပြည့်စုံစေရန်..

(၁) ထမင်း(ကယ်လိုရီ)၊ ပဲအမျိုးမျိုး(ပရိုတင်း)၊ သစ်သီး(ငှက်ပျောသီး၊ ဖီးကြမ်း)၊ သင်္ဘောသီးမှည့်၊ သရက်သီးမှည့် နှင့် ဟင်းသီးဟင်းရွက်(မုန်ညင်းရွက်၊ ကန်စွန်းရွက်) နှင့် ဆီ(ကယ်လိုရီ)၊ သို့မဟုတ်

(၂) ထမင်း၊ အသား(ငါး၊ကြက်သား၊ အသည်း၊ ဥတစ်မျိုးမျိုး) ဆီ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးတို့ကို အလှည့်ကျ စီစဉ်ချက်ပြုတ်ကျွေးက ကယ်လိုရီ၊ ပရိုတင်း၊ ဗီတာမင်အေ၊ သံဓါတ်၊ ဗီတာမင်စီတို့ ရရှိမှာဖြစ်ပါတယ်။

ထမင်းမှ ကယ်လိုရီခေါ်တဲ့ အင်အားဓါတ်ရမှာဖြစ်သော်လည်း ကလေးငယ်များ အများကြီးမစားနိုင်သေးသဖြင့် ကယ်လိုရီပိုရရန် ဆီတစ်ဇွန်း 5ml ထည့်ပေးလျှင် ကယ်လိုရီမြောက်များစွာရမှာဖြစ်ပါတယ်။

 

(၁)ကယ်လိုရီ (အင်အားဓါတ်)

ဆန်မှုန့် ၄ ဆ၊ ပဲ ၁ ဆ

(၂) ဗီတာမင်ဓါတ်…

လတ်ဆတ်သော အသီးအနှံ၊ ငှက်ပျောသီး၊ သင်္ဘောသီးမှည့်၊ သရက်သီးမှည့်၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်

(၃) ပရိုတင်း (အသားဓါတ်)

ကြက်ဥ၊ ဘဲဥ၊ ငါးပြုတ်၊ ပဲ။ နူးအောင်ပြုတ်ထားသော အသားနုတ်နုတ်စင်း၊

(၄) သွားရည်စာ

မုန့်စိမ်းပေါင်း၊ မုန့်ပြားသလက်၊ ဘိန်းမုန့်၊ မြေပဲဆုပ်၊ ဆန်၊ ပဲ၊ မြေပဲ၊ နှမ်းပျစ်တို့နှင့် လုပ်ထားသော မုန့်။ ဂျုံဖြင့်ပြုလုပ်ထားသော ဘီစကစ်၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ခေါက်ဆွဲ ကန်စွန်းဥ။

ကလေးများကို အစာကျွေးရာ၌ အကြိမ်များများကျွေးပါ။ ကလေးငယ်သည် တစ်ခါတည်း အများကြီးမ စားနိုင်ပါ။

(၆)လမှ (၈)လ – တစ်နေ့ (၃) ကြိမ်

(၉)လမှ (၁၁)လ – (၄) ကြိမ်

(၁) နှစ် – (၅) ကြိမ် (ထမင်း(၃)ကြိမ်၊ သွားရည်စာ (၂) ကြိမ်ကျွေး)

 

နံနက်စာ (6am) – ထမင်း၊ ပဲပြုတ် (သို့) ပေါင်မုန့် (သို့) ကိတ်မုန့်

နေ့လည်စာ (12 noon) – ထမင်း+အသား/ငါး (ဟင်းတစ်မျိုး)၊ ဟင်းရွက်ပြုတ်ရည်

နေ့လည် (3pm) –  သွားရည်စာ (မုန့်၊ ဘီစကစ်၊ နို့)

ညစာ (6pm)  – ထမင်း+အသား/ငါး/ပဲဟင်းတစ်မျိုးမျိုး၊ ဟင်းရွက်ပြုတ်ရည်

ည (9pm) – သွားရည်စာ (မုန့်၊ ဘီစကစ်၊ နို့)

အစာသစ်တစ်မျိုးကျွေးလျှင် ရက်အနည်းငယ်ကျွေးပြီးမှ နောက်တစ်မျိုး ပြောင်းကျွေးပါ။

ကလေးကြိုက်လို့ဆိုပြီး တစ်မျိုးတည်းကျွေးလဆင် မစားတော့ပါ။

(၂) ရက် (၃) ရက်ဆို တစ်မျိုးပြောင်းကျွေးပါ။ မကြိုက်သောအစာမကျွေးပါနှင့်။

၎င်းကို ကျွေးလျှင် ရက်ခြားပြီး  နည်းနည်းချင်းကျွေးပါ။

ပျော့ပြီး အစာကြေလွယ်သော အစာကိုကျွေးပါ။ အရသာရှိအောင် ကျွေးပါ။

ကလေးများက ချိုသော အရသာကို ကြိုက်ပါတယ်။ အချိန်ပေးပြီး စိတ်ရှည်ရှည်ထားပြီးကျွေးပါ။ ချော့ကျွေးပါ။ အလိုမလိုက်ရပါ။ မခြိမ်းခြောက်ရ၊ အပြစ်မပေးရပါ။ ထမင်းမစား၍ နို့တိုက်လျှင် နို့ပဲပိုသောက်ပြီး ထမင်းမစားတော့ပါ။ ထမင်းချိန်မှာ ထမင်းသာ ကျွေးရမည်။ နို့မတိုက်ရပါ။ ကလေးအသက်အရွယ်အလိုက် အစာကျွေးပါ။ နို့အရည်သောက်ရာမှ တဖြည်းဖြည်းပျစ်အောင် လုပ်ကျွေးပါ။ ထမင်းရည်ကျဲကျဲ မှ ပျစ်ပျစ်။ ဆန်ပြုတ်ကျဲကျဲ မှ ပျစ်ပျစ်ကျွေးပါ။

သွားပေါက်ချိန်၌ ၀ါးစားလို့ရမည့် အစာကျွေးရမည်။ နို့ချည်းပဲမတိုက်ရပါ။ သူဟာသူစားချင်လျှင် စားပါစေ။ မိခင်ကကူပေးပါ။ ကလေးစာချင်တာကို အားပေးပါ။

အစာပြင်ဆင်ရာတွင် – သန့်ရှင်းသောလက် ပန်းကန် ခွက်သုံးရမည်။ ယင်ကောင် ပိုးဟပ် ကြွက်စသည့် တိရစ္ဆာန်များနှင့်  ကင်းဝေးအောင်ထားပါ။ လတ်ဆတ်သော အသီးအရွက်ကိုသုံးရမည်။

အသက် (၆)လမှ (၂) နှစ်အထိကလေးငယ်အတွက်

၁။ မိခင်နို့ဆက်တိုက်ပါ။ (၂) နှစ်အထိတိုက်သင့်၏။

၂။ မိသားစုကျွေးသော အစားအစာကိုကျွေးပါ။ ထမင်း (၃) နပ်ကျွေးပါ။ အသား၊ ငါး၊ ပဲ ဥတစ်မျိုးမျိုးပါပါစေ။ အပူအစပ်၊ အသုတ်မကျွေးသင့်သေးပါ။

၃။ သွားရည်စာ (၂) ကြိမ်ကျွေးပါ။ (မုန့်စိမ်းပေါင်း၊ ဘိန်းမုန့်၊ မုန့်ပြားသလက်၊ ကောက်ညှင်းပေါင်း၊ ပဲပြုတ်၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကစ်၊ မုန့်လက်ညိုး) အသီးအနှံ၊ ငှက်ပျောသီး၊ သင်္ဘောသီးမှည့် တစ်မျိုးမျိုးကျွေးပါ။

 

အသက် (၂) နှစ်မှ (၅)နှစ်အထိ ကလေးငယ်

၁။ မိသားစုစားသော ထမင်း၊ ဟင်း၊ ပဲ၊ အသား၊ ငါး၊ ပုဇွန်၊ ဥတစ်မျိုးမျိုး တစ်နေ့(၃) ကြိမ်ကျွေးပါ။

၂။ သွားရည်စာများကို ကြားတွင် (၂) ကြိမ်ကျွေးပါ။ ကန်စွန်းဥပြုတ်၊ ပိန်းဥပြုတ်၊ စားကလေးခွေ၊ ဘယာကြော်၊ နို့မလိုင်၊ ဂျုံဖြင့် ပြုလုပ်ထားတသော မုန့်၊ အသီးအနှံ၊ ငှက်ပြောသီးကျွေးပါ။

၃။ မိခင်နို့အစား အခြားအာဟာရဖြစ်မည့် အရည်၊ ထမင်းရည် အိုဗာတင်း၊ မိုင်လို၊ ကွေကာအုပ်၊ နွားနို့ ဟောလစ် တစ်နေ့ (၂) ခွက်၊ (၃)ခွက် (နံနက်၊နေ့လည်၊ည) တိုက်နိုင်သည်။

 

အသက်(၂) နှစ် အရွယ်ကလေးကို အသီးအနှံဘယ်လိုကျွေးရပါမလဲ။

အသီးအနှံတွေကို စားချင်စဖွယ်ဖြစ်အောင်လုပ်ပေးပါ။ အသီးအနှံတွေရဲ့ အရောင်၊ ပုံသဏ္ဍာန်အမာအပျော့ အနံ့စတာတွေဟာ ကွဲပြားကြတာကြောင့် ထူးခြားချက်လေးတွေ ကို ကလေးငယ်ကိုပြပြီး အသီးအနှံတွေကို စိတ်ဝင်စားလာအောင် ပျော်ပျော်ရွှင် ရွှင် သင်ကြားနိုင်ပါတယ်။ အသီးတော်တောများများကို ကလေးစားနိုင်တဲ့ အရွယ် အပိုင်းလေးတွေ ပြုလုပ်ပြီးကျွေးနိုင်ပါတယ်။ ကလေးရဲ့လက်နဲ့ အသီးအနှံကိုတော့ သေသေချာချာဆေးကြောထားဖို့လိုပါတယ်။ ဖြတ်တောက်ထားတဲ့ အပိုင်းကလေးတွေဟာ သိပ်သေးလွန်းနေရင် ကလေးလည်ချောင်းမှာ တစ်ဆို့သွားနိုင်ပါတယ်။ တချို့ကလေးတွေက အသီးတွေကို အစိမ်းတိုင်းစားရတာကို နှစ်သက်ကြပါတယ်။ အသီးအနှံတွေကို ချက်ပြီးကျွေးမယ်ဆိုရင် ပျော့ပြဲ သွားအောင် မချက်သင့်ပါ။ အသီးကျွေးရာမှာ မျိုးစုံရောမကျွေးပဲ အသီးတစ်မျိုးစီကို သီးသန့်ကျွေးပါ။ အသီးအမြဲကျွေးဖို့လိုပါတယ်။ တစ်ခါကျွေးရုံနဲ့ မကြိုက်လို့ဆိုပြီး လက်မလျော့လိုက်ပါနဲ့။ တစ်ခါငြင်းရင် နောက်တစ်ခါ ကျွေးကြည့်ပါ။ စားစရာအားလုံး ကလေးစားနိုင်တဲ့ အရွယ်လေးလုပ်ပြီး သူ့ဘာသာစားစေတာ က အကောင်းဆုံးပါပဲ။ ကလေးတွေဟာ အစာစားရာမှာလည်း ပတ်ဝန်းကျင်ကို လေ့လာပြီး သင်ယူတတ်ကြပါတယ်။

 

မေး – ကျွန်မရဲ့သမီးလေးဟာ အသက် တစ်နှစ်ခွဲကျော် ရှိပါပြီ။ မိခင်နို့တိုက်ကျွေး နေဆဲပါ။ ကလေးအတွက် နို့ဖြတ်သင့်တဲ့ အရွယ် ကိုသိပါရစေ။

ဖြေ – တစ်နှစ်ခွဲကျော်ရှိပေမယ့် မိခင်နို့တိုက်ကျွေး လို့ ရပါသေးတယ်။ ကလေးအသက်နှစ်နှစ်အထိ တိုက်နိုင်ပါတယ်။ မိခင်နို့တစ်မျိုးတည်းနဲ့ မလုံလောက်တော့ပါဘူး။ ထမင်း၊ ဟင်းပါ မိခင်နှင့်အတူ ကျွေးသင့်ပါတယ်။ နို့ဖြတ်သင့်တဲ့အရွယ်ကတော့ နှစ်နှစ်အရွယ်ဖြစ်ပါတယ်။

 

မေး – ကလေးသွားပေါက်တဲ့ အခါ မိခင်နို့ ဆက်ပြီး တိုက်ကျွေးနေရင် ကလေးရဲ့သွားတေါကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလားရှင်။

ဖြေ – ကလေးသွားပေါက်တဲ့ ၆ လအရွယ်မှာ မိခင်နို့ဆက်တိုက်လို့ရပါတယ်။ ၂ နှစ်အထိတိုက်လို့ရပါတယ်။ ကလေးသွားတွေကို ဘာမှ မဖြစ်စေပါဘူး။ သွားတွေ ပေါက်နေပြီဖြစ်လို့ မိခင်နို့ကို တစ်ခါတစ်ရံ ကိုက်မိပြီး မိခင်နို့တွင်သာ အနာဖြတ်တတ်ပါတယ်။

 

မေး – ခံစားမှုကို ပေါ်လွင်အောင် မပြောနိုင်တဲ့ အချိန်မှာ စိတ်ကောက်၊ စိတ်ဆိုးတဲ့ကလေးတွေ အတွက် အမှန်ကန်ဆုံး ပြုစုစောင့်ရှောက်နည်းတွေကို သိပါရစေ။

ဖြေ – ခံစားမှုကို ပေါ်လွင်အောင် မပြောနိုင်တဲ့အချိန်မှာ စိတ်ကောက်၊ စိတ်ဆိုးပြီး တစ်ခါတစ်ရံ ကလေးတွေ တက်သွား၊ သတိလစ်သွား၊ ပြာသွားတတ်ပါတယ်။ (Breath holding attack) လို့ ခေါ်ပါတယ်။

Comments ( 4 )

  • Avatar

    ခုလိုမျိုးကလေးမိခင်တွေမသိသေးတဲ့ဗဟုသုတတွေကိုခုလိုတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

  • Avatar

    thankyou very much. my son is now six months. i’m thinking what should i feed him and i’m worried about it. now i’ve got many informations. thanks.

  • Avatar

    THANKS

  • Avatar

    အရမ်း
    ကျေးဇူးတင်
    ပါတယ် ။

To Top