ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၈၄)

1.Nyein Nyein
ဆရာရှင့် သားလေးက ၆လပြည့်ပါပီ ညဘက်တွေခဏခဏနို့တောင်းပါတယ်ဆရာ မအိပ့်ခင် နို့အ၀တိုက်လည်း နဲနဲပဲစို့ပီး အိပ့်ပျော်သွားပါတယ် ကလေးကြာကြာအိပ့်အောင် ဘယ်လိုဆောင်ရွက်သင့်လဲရှင့် ၆လအရွယ်ဆိုရင် Grovit အားဆေး ဘယ်လောက်လောက်တိုက်သင့်ပါလဲရှင့် ကျေးဇူးပြုပီး ဖြေကြားပါနော်

ကလေးအသက် ၆လမှ ၉ လအထိ ကလေးအိပ်စက်ခြင်းဆိုင်ရာ ဆောင်းပါးလေးကို အောက်က ပေးထားတဲ့ Link မှာ ဖတ်ရှုပေးပါ…

အသက်၆လမှ၉လ အရွယ်ကလေးငယ်များ ကောင်းစွာအိပ်ပျော်စေဖို့ ပြုစုခြင်းနည်းလမ်းများ

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
2.Htwe Htwe
ဆရာရှင့် ကျွန်မသားလေးက ခြောက်လရှိပါပြီ ခေါင်းက အမြဲအောက်ကိုပဲငုံ့နေတယ် ဒါပေမယ့် မှောက်နေရင်တော့ ခေါင်းက ထောင်နေတာပဲ ခေါင်းလေးအမြဲထောင်အောင် ဘယ်လိုလုပ်ရမလဲရှင့် အပြင်မှာပြောကြတာတော့ နှိပ်ပေးရတယ်တဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းညွှန်ပါဦးရှင့်

လည်ပင်းကြွက်သားတွေ ဖွံ့ဖြိုးဆဲ ကာလမှာ ဒီလိုပါပဲ… တဖြည်းဖြည်း အဆင်ပြေလာပါလိမ့်မယ်… အထွေအထူး ပြုလုပ်စရာ မရှိပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
3.Nay Chi Nway
ဆရာရှင့် သမီးက ၄နှစ် ၆လပါ။အိပ်ခါစဆိုချွေးအမြဲထွကိပါတယ်။ပူပူအေးအေးပါ။ဘာကြောင့်ပါလဲရှင့်။

ရာသီဥတု ပူပြင်း၍ဖြစ်စေ၊ ကိုယ်ခန္ဓာ ဇီဝ လောင်ကျွမ်းမှု မြန်ဆန်၍ ဖြစ်စေ ချွေးထွက်များနိုင်ပါတယ်… ဖျားခြင်း၊ ကိုယ်အလေးချိန် သတ်မှတ်ချက်အတွင်း မရှိခြင်းစတဲ့ တခြား ထူးခြားသော လက္ခဏာ မရှိရင် စိုးရိမ်စရာ မရှိပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
4.La Min Eain
က​လေး​လေးက၁နှစ်​နဲ့၁၀လပါပါးစပ်​မှာအနာ​တွေ​ပေါက်​​နေတယ်​​ရေ​သောက်​ရင်​ကို​ အော်​​နေရတယ်​၅ရက်​ရှိပြီအကြံပြုချက်​​လေး​ပေးပါရှင့်

အရေပြားဆိုင်ရာ ပြဿနာ ဖြစ်တာကြောင့် စနစ်တကျ စမ်းသပ်စစ်ဆေးဖို့ လိုအပ်ပါတယ်… အစာနဲ့ ရေ ဝင်တာနည်းနေရင်တော့ ဆရာဝန်နဲ့ အမြန်ပြသသင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
5.Thae Wai Wai Myo
B ပိုးကာကွယ်ဆေးနဲ့ ဂျပန်ဦးနှောက်ယောင်ကာကွယ်ဆေးထိုးတာခြားဖို့လိုလားရှင့်

ခြားစရာ မလိုအပ်ပါဘူး… Interaction ခေါ် ဆေးအချင်းချင်း ဓါတ်ပြုမှု မရှိပါဘူး… ထိုးလို့ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
6.Tre Zar
ဆရာသားသားကတစ်နှစ်ကျော်နို့တိုက်တုန်းပါဘဲရှင့် နို့တိုက်မိခင် စားကောင်းအိပ်ပျော်ဆေး ဗမာဆေးကော Eဆေးကောသောက်လို့ရပြီလားရှင့် ကလေးကိုဆိုးကျိုးပေးနိုင်သလားရှင့်

ဆေးထဲမှာ ပါဝင်တဲ့ ဓါတ်ပစ္စည်းအပေါ် မူတည်ပါတယ်… တချို့ဆေးတွေက မိခင်နို့ရည်မှ တဆင့် ကလေးဆီကို ရောက်ရှိပါတယ်… တချို့ဆေးတွေက မရောက်ပါဘူး… စနစ်တကျ ထုတ်လုပ်တဲ့ ဆေးတွေမှာ ပါဝင်ပစ္စည်းနဲ့ မိခင်နို့မှ ကလေးဆီ ရောက်ရှိနိုင်မှုတွေကို ညွှန်းဆိုရေးပြထားကြပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
7.Phoo Phoo Lay MayMay
ဆရာရှင့် သားသားကို ၁၂ရက်၁၁လ ၂၀၁၇နေ့ က ရိုးရိုးမွေးခဲ့ပါတယ် ညာဘက်ခေါင်းမှာ ပျော့ပျော့ လေးတွေ့လို့ပါ စိုးရိမ်းရလားရှင့်

တိတိကျကျ မမြင်ရ မသိရတော့ ပြောရခက်ပါတယ်… ဒါပေမယ့် ကလေးတွေမှာ ဦးခေါင်းခွံရိုးတွေဟာ မဆက်သေးဘဲ ဟ နေတဲ့အတွက် အရိုးမဆက်သေးတဲ့နေရာတွေကို စမ်းသပ်မိရင် ပျော့နေတာမျိုး ရှိနိုင်ပါတယ်… ဒီလိုအခြေအနေမျိုးဆိုရင် စိုးရိမ်စရာ မရှိပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
8.May Zin
က​လေးက၁၁လ​ကျော်​ပါပုံမှန်​အိပ်​ပုံမှန်​စားပါတယ်​ အား​ဆေးတိုက်​ဖို့လိုပါသလားရှင့်

မိခင်ရော ကလေးပါ အာဟာရကို ပြည့်ဝ မျှတအောင် စားသောက်နေထိုင်ရင် မဖြစ်မနေ တိုက်ဖို့တော့ မလိုအပ်ပါဘူး… အာဟာရ ချို့တဲ့ခြင်း၊ ကလေးမှာ ရောဂါတစ်ခုခု ရှိခြင်း၊ ကိုယ်အလေးချိန် မပြည့်ခြင်း စတဲ့ အခြေအနေတွေမှာတော့ အားဆေးတိုက်ဖို့ ဆရာဝန်များက ညွှန်ကြားလေ့ရှိကြပါတယ်… ပုံမှန် ကျန်းမာနေတဲ့ ကလေးတွေမှာ ဆေးမတိုက်ရင်လည်း ဘာမှ မဖြစ်ပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
9.Zin Mar
ဆရာရှင့်​သားသား​လေးကထမင်းမစားဘူး သ​ရေစာလဲသိပ်​မစားဘူး​ ဆော့တာက​တော့​မျောက်​ရှုံးပါတယ်​အစားစား​အောင်​ဘယ်​လိုလုပ်​ရမလဲ

ကလေး ပုံမှန် ကိုယ်အလေးချိန်နဲ့ ဖွံ့ဖြိုးမှု ရှိနေရင် စိတ်ပူစရာ မရှိပါဘူး… ကိုယ်အလေးချိန် နည်းနေရင်တော့ အစားစားချင် စိတ်ဖြစ်အောင် Lysine ပါဝင်တဲ့ အားဆေးတစ်မျိုးမျိုး တိုက်ကျွေးလို့ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
10.မိုးနှင်း ဖြူ
ဆရာရှင့်ကျမသားကသုံးလခွဲရှိပါပြီ အဲ့ဒါကျမရေခဲရေတာတည့်ပါသလား ကလေးကဆီးသွားရင်ပူနေတယ် ကျမသောက်တဲ့ရေခဲ့ရေကြောင့်ဟုတ်မဟညတ်ဖြေပေးပါရှင့်

မသက်ဆိုင်ပါဘူး… မိခင် ရေခဲရေ သောက်တာနဲ့ ကလေးဆီးပူခြင်း မသက်ဆိုင်ပါ… ကလေး ဆီးသွားစဉ် နာကျင်ခြင်း၊ ဖျားနာခြင်း ရှိရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်နိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
11.နန့် အေးသီ တာ
ဆရာသမီးလေးက၁၁လပြည့်တော့မယ်အသားကပျော့နေတယ် ဆရာအသားမာအောင် ဘာဆေးတိုက်ရင်ကောင်းမလဲဆရာ

ကလေး ပုံမှန် ကျန်းမာနေရင် စိတ်ပူစရာ မရှိပါဘူး… ကလေးငယ်တွေရဲ့ အသားအရေဟာ နူးညံ့တာ သဘာဝပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
12.Thae Su
ဆရာရှင့်သမီးလေးက ၃နှစ်၂လရှိပါပြီ အစာစားတာများရင်အန်တက်ပါတယ် ဘယ်လိုအစာမျိုးကိုရှောင်ရမလဲရှင် စကားလဲမပြီလို့ပါ ဖြေပေးပါနော့်

အစာစားတာများတဲ့အခါ၊ အစာစားပြီး ကစားတဲ့အခါမျိုးတွေမှာ ပျို့အန်တတ်ပါတယ်… အစာ ရှောင်ဖို့ထက် သင့်တင့်သလောက်သာ ကျွေးပေးရင် ပိုအဆင်ပြေဖို့ များပါတယ်… အစားစားပြီးပြီးချင်း အရမ်းဆော့ကစားတာမျိုးကို နည်းနည်း ကြပ်မတ်ပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
13.Minkhantzin Aung့်
သားသားက၂နှစ်၆လပါစကားနဲနဲပဲပြောနိုင်နေလို့ပါ လူကြီးပြောတာတွေတော့အကုန်နားလည်ပါတယ် ကျန်းမာရေးလည်းကောင်းပါတယ်ရှင့် သင်တိုင်းလဲလိုက်မပြောဘူးသူပြောချင်မှပဲပြောပါတယ် စိတ်ပူနေလို့ပါ ဘဝတူမေမေတွေရှိရင်လည်းဖြေပေးပါအုံးနော်

၂ နှစ်ခွဲအရွယ်မှာ စကားသိပ်မပြောသေးရင်တော့ ကလေးအထူးကု ဆရာဝန်နဲ့ ပြသပြီး ကျန်းမာရေး စစ်ဆေးကြည့်သင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
14.မွန်မြတ် သံဇာဉ်
မင်္ဂလာပါဆရာ ကလေးက ၁နှစ်၃လပါ အပေါ်၎ချောင်းအောက်၂ချောင်းသွားပေါက်နေပါပြီ
အပေါ်၎ချောင်းကသွားတွေက ပဲ့ပြီးကျွေကျကုန်ပါတယ် အဲ့ဒါဘာဖြစ်လို့ပါလည်းဆရာ

သွား သန့်ရှင်းရေး သေချာ မပြုလုပ်ပေးနိုင်တဲ့အခြေအနေတွေမှာ ဖြစ်တတ်ပါတယ်… ငယ်သွားဖြစ်ပြီး သွားအသစ် ပြန်ထွက်လာမှာ ဖြစ်လို့ ယေဘုယျအားဖြင့် စိတ်ပူစရာတော့ မရှိပါဘူး… ခံတွင်း သန့်ရှင်းရေးကို မိဘတွေက ပြုလုပ်လေ့ကျင့်ပေးသင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
15.နန်းငု ဝါခိုင်
သားလေးခြေသလုးံမှာ ရေကြောက်ပေါက်ပီးအမာရွတ်ကျန်ခဲ့ပါတယ်
ဘာဆေးလူးပေးရမလဲရှင့် ပျောက်ဖို့ကောလွယ်ပါ့မလား တစ်နစ်တစ်လပါရှင့်

အမာရွတ် (Scar) တွေဟာ လိမ်းဆေးလိမ်းရုံနဲ့ မပျောက်ကင်းတတ်ပါဘူး… Vit E လိမ်းလို့ရတယ်လို့ ဆိုကြပေမယ့် ခိုင်လုံတဲ့ လေ့လာမှုမျိုး ယခုထိ မရှိသေးပါ… ပြုလုပ်နိုင်တဲ့ ကုသမှုတွေက ခွဲစိတ်ခြင်း၊ လေဆာဖြင့် ကုသခြင်း၊ ဓါတ်ရောင်ခြည် သုံးကုသခြင်း (Radiotherapy)၊ စတီးရွိုက်ဆေးသွင်းကုသခြင်း (Steroid injection) စတာတွေ ဖြစ်ပါတယ်…
အမာရွတ်တွေဟာ နေရောင်ကြောင့် ပိုဆိုးနိုင်တဲ့အတွက် နေရောင်ကာ ခရမ်တွေ လိမ်းပေးခြင်းဟာ ပိုမဆိုးအောင် ကာကွယ်ပေးတယ်လို့ လေ့လာသူများက ဆိုကြပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
16.Hla Hla Thwe
ကလေးက 9လခွဲပါ
အစားအအိပ်နည်းလို့ အားဆေးတိုက်လို့ရပါသလာရှင့်းး

တိုက်လို့ရပါတယ်… အိပ်စက်ခြင်းနဲ့ ပတ်သက်လို့ ဆောင်းပါးတွေကို အောက်က Link တွေမှာ ဖတ်ရှုနိုင်ပါတယ်…

မွေးကင်းစမှ ၃လအထိ ကလေးအိပ်စက်ခြင်းဆိုင်ရာ ဆောင်းပါး

မွေးကင်းစမှ အသက် ၃ လအရွယ် ကလေးငယ်များကောင်းစွာ အိပ်ပျော်စေဖို့ ပြုစုခြင်း နည်းလမ်းများ

၃လမှ ၆လအထိ ကလေးအိပ်စက်ခြင်းဆိုင်ရာ

၆လမှ ၉ လအထိ ကလေးအိပ်စက်ခြင်းဆိုင်ရာ

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
17.Khin Ma
ဆရာရှင့်ကျွန်မမြေးကခေါင်းတအားချွေးထွက်ပါတယ်ဘာကြောင့်လဲရှင်

ရာသီဥတု ပူပြင်း၍ဖြစ်စေ၊ ကိုယ်ခန္ဓာ ဇီဝ လောင်ကျွမ်းမှု မြန်ဆန်၍ ဖြစ်စေ ချွေးထွက်များနိုင်ပါတယ်… ဖျားခြင်း၊ ကိုယ်အလေးချိန် သတ်မှတ်ချက်အတွင်း မရှိခြင်းစတဲ့ တခြား ထူးခြားသော လက္ခဏာ မရှိရင် စိုးရိမ်စရာ မရှိပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
18.ဝတ်မှုံ ချယ်
ဆရာရှင့် သားသားက ၈ လ ရှိပ်ပြီ လက်ဖဝါး ခြေဖဝါးတွေအမြဲပူနေပါတယ်

ကိုယ်အပူချိန်ကို ပြဒါးတိုင်နဲ့ တိုင်းတာကြည့်ပါ… သတ်မှတ် အပူချိန် (37°C or 98.4°F)
အတွင်း ရှိနေရင် စိတ်ပူစရာ မရှိပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
19.နဒီ ဝမ်း
ကလေးက ၂လပါ မျက်လုံးမှာ မျက်ရည်ပူ မျက်ချေးတွေ ထွက်နေထာ စိုးရိမ်ရပါသလား

မျက်ဝတ်ထွက်တာဟာ ဗိုင်းရပ်စ်ကြောင့်ထွက်တာ၊ ဘက်တီးရီးယားကြောင့်ထွက်တာဆိုပြီး ၂ မျိုးရှိပါတယ်… ဗိုင်းရပ်စ်ကြောင့် ဆိုရင် မိခင်ရဲ့ နို့ရည်ခတ်ပေးနိုင်ပါတယ်… ဒီလိုအခြေအနေမျိုးမှာ ဖြစ်တဲ့ ကာလသိပ်မကြာတတ်ဘဲ ပျောက်သွားတာ များပါတယ်…
မျက်ဝတ် အဝါရောင်၊ အစိမ်းရောင် စသဖြင့် ထွက်နေရင်တော့ ဘက်တီးရီးယားကြောင့် ဖြစ်တာလို့ ယူဆနိုင်ပါတယ်… သင့်တော်တဲ့ မျက်စဉ်းဆေးကို ခတ်ဖို့ ကလေးအထူးကု ဆရာဝန်၊ ဒါမှမဟုတ် မျက်စိအထူးကု ဆရာဝန်နဲ့ ပြန်လည်ပြသ တိုင်ပင်သင့်ပါတယ်… မျက်ဝတ်ထွက်တာများတဲ့ အခါ အဝတ်သန့်သန့်လေးကို ရေနွေးနွေးလေးနဲ့ စွတ်ပြီး သန့်ရှင်းပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
20.May Zaw
ဆရာရှင့် သားလေးက ၂၇ရက်ပဲရှိပါသေးတယ် နို့အရမ်းစို့တော့ ထွားလာတယ် လည်ပင်းက အရစ်လေးတွေမှာ ပွန်းပြီးအရေပြားတွေနီလာတယ် ဘယ်လိုလုပ်ရမလဲရှင့်

Intertrigo လို့ ခေါ်တဲ့ အရာဖြစ်ပါတယ်… အရေပြား ခေါက်တဲ့နေရာဖြစ်တာကြောင့် ပွန်းခြင်း၊ ပိုးဝင်ခြင်းတို့ ဖြစ်တတ်ပြီး၊ မှိုရောဂါလည်း ဖြစ်နိုင်ပါတယ်…
ယားယံခြင်းရှိရင် Calamine Lotion လိမ်းပေးနိုင်ပါတယ်… ကာကွယ်ဖို့အတွက်ကတော့ တတ်နိုင်သမျှ အဲလို အရေပြားခေါက်တဲ့ နေရာကို ခြောက်သွေ့အောင် ပြုလုပ်ပေးပါ… အရေပြားပွန်းပဲ့ခြင်း သက်သာအောင် zinc oxide ပါတဲ့ Cream လိုမျိုးဟာ လိမ်းပေးနိုင်ပါတယ်… နေ့စဉ် ကလေး ဆပ်ပြာလေးနဲ့ သန့်ရှင်းရေး ပြုလုပ်ပေးပါ…
ဒီလိုလုပ်ရင်းနဲ့မှ မသက်သာရင်တော့ ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်ပြီး ပိုးသတ်ဆေးလိမ်းဆေး အသုံးပြုရနိုင်သလို၊ မှိုကြောင့်ဆိုရင် မှိုသတ်တဲ့ လိမ်းဆေး သုံးရမှာ ဖြစ်ပါတယ်… ဒါ့ကြောင့် ပိုးဝင်ခြင်း (သို့) မှိုရောဂါ ဖြစ်တယ်လို့ ထင်ရင် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild

No Comments

Enroll Your Words

To Top