ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၆၁)

1.

Angel Queen

ဆရာရှင့်သားကြီးက၉လကျော်ပါပြီ။ နေ့လည်ခင်းတွေအစာပြေဘာမုန့်တွေကျွေးလို့ရသေးလဲ။ ရှင့်ကြက်သားဘီစကစ်နဲ့အနှစ်မပါတဲ့ပါမု့န့်တွေကျွေးလို့မရတော့လို့ပါရှင့်။

 

ဒီအရွယ်မှာ ဘာကျွေးရမယ်၊ ဘာမကျွေးရဘူးလို့ အထူးတလည် သတ်မှတ်ထားခြင်း မရှိပါဘူး… အာဟာရ မျှတအောင် ကျွေးပေးဖို့တော့ လိုအပ်ပါတယ်… နောက်ပြီး ကလေးကို သူကြိုက်တတ်တဲ့၊ ကြိုက်နိုင်မယ့် အစားအစာနဲ့ အာဟာရ ပြည့်စုံ မျှတစေမယ့် အစားအစာ မျှတပြီး ချော့ကျွေးပေးဖို့လည်း လိုပါတယ်… အစာစားချင်စိတ် ပိုဖြစ်စေဖို့ Lysine ပါဝင်တဲ့ အားဆေး တိုက်ကျွေးပေးနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

2.

Yadi Lay

သားသားက၄လခွဲရှိပါပြီ။ လက်လေးတေနဲ့ဗိုက်နားလေးတေမှာဘုလေးတေပေါက်နေလို့ပါ။ ယားဘုလိုမျိုးလေးတေနားအနောက်လေးတေဆိုလက်ကလေးနဲ့ကုတ်တာရဲနေတာပဲ။ ဘယ်လိုလုပ်ပေးရမလဲရှင့်။ အမြန်ပျောက်အောင်။

 

ကလေး ယားယံနေတဲ့ ပုံစံမျိုး ရှိရင် Calamine Lotion လေး လိမ်းပေးနိုင်ပါတယ်… အရေပြားပြဿနာ ဖြစ်လို့ စနစ်တကျ ကြည့်ရှုစစ်ဆေးဖို့ လိုအပ်တာကြောင့် ဖြစ်တာ ကာလကြာနေပြီး မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

3.

သွန်းလေး

မင်္ဂလာပါဆရာသမီးလေးကကိုးလရှိပါပြီ။ မျက်ခမ်းစွန်တာစိုးရိမ်ရပါသလားဆရာ။

 

အရေးကြီး အင်္ဂါ အစိတ်အပိုင်း ဖြစ်တဲ့ မျက်လုံးလို နေရာမှာ ပြဿနာ ဖြစ်နေတာကြောင့် ဆရာဝန်နဲ့ ပြသတိုင်ပင်ရင် အကောင်းဆုံးပါပဲ… မျက်စိ အထူးကု ဆရာဝန်နဲ့ ပြသသင့်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

4.

ဆောင်းနှင်း ဖြူ

သမီးလေးက 3 နှစ်နဲ့ 10 လပါ။ ကလေးကအူစွပ်လို့ခဏခဏခွဲရတယ်။ လေးခါရှိပါပြီ။ အဲ့ဒါဘာဖြစ်လို့ဖြစ်တာလဲ ဆရာ။ သူ့ကိုနောက်မဖြစ်အောင်ဘယ်လိုပြုစုရမလဲဆရာ။ ဘာတွေကိုရှောင်ရမလဲဆရာ။

 

Intussusception ခေါ် အူစွပ်ခြင်းဟာ ပြန်ဖြစ်တတ်တဲ့ သဘော ရှိပါတယ်… ကလေးတွေမှာ ဖြစ်ပွားတဲ့ အကြောင်းရင်းအများစုက အဖြေရှာမရပါဘူး… တချို့မှာတော့ အကျိတ်ရှိခြင်း၊ အလုံးရှိခြင်းနဲ့ Meckel’s diverticulum ခေါ် မွေးရာပါ အူပုံစံ မမှန်ခြင်း တစ်မျိုးတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်… ကလေးတွေမှာ အဖြစ်များပြီး ဖြစ်တဲ့အခါ အမြန်ဆုံး ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်… ကာကွယ်ဖို့အတွက် ပြုစုနည်းရယ်လို့တော့ မရှိပါဘူး… ဖြစ်တဲ့အခါ စောစီးစွာ သတိထားမိဖို့ လက္ခဏာတွေကို စောင့်ကြည့်တတ်ဖို့ လိုအပ်ပါတယ်… လက္ခဏာတွေကတော့

  • သွေးနှင့် Jelly ကဲ့သို့ အကျိချွဲပါသော ဝမ်း သွားခြင်း
  • အန်ခြင်း
  • ဝမ်းပျက်ခြင်း
  • ဖျားခြင်း အစရှိတာတွေ ဖြစ်ပါတယ်… ဒီ လက္ခဏာတွေ အားလုံးတော့ ရှိချင်မှ ရှိနိုင်ပါလိမ့်မယ်…

 

ဖြစ်နိုင်တဲ့ လက္ခဏာတွေကို မှတ်သားပြီး ကိုယ့်ကလေး နေမကောင်းဖြစ်နေရင် ဆေးရုံဆေးခန်းမှာ အမြန်ပြသဖို့ လိုအပ်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

5.

Min Phyo

ဆရာရှင့်ကျမသားက၁နှစ်၂လပါ။ လျှာပေါ်မှာအဖြူကွက်တွေရောအနီကွက်လေးတွေဖြစ်တယ်။ သရေလဲကျတယ်။ ခဏခဏဖြစ်တယ်။ ဘယ်လိုကုသပေးရမှာလဲဆရာ။

 

လျှာမှာ အဖြူတွေ ကပ်နေတာမျိုးရှိရင် သွားပွတ်တံ နုနုလေးနဲ့ (သို့) အဝတ်ကို ရေနွေးနွေးနဲ့ စွတ်ပြီး သန့်ရှင်းပေးပါ… မိခင်နို့ကြောင့် ဖြစ်တတ်တဲ့ အဖြူဖတ်တွေဆို အလွယ်တကူ ဖယ်ရှားလို့ရပါတယ်… တကယ်လို့ အလွယ်တကူ ဖယ်ရှားမရဘဲ ကပ်နေရင်တော့ အတင်းမခွာပါနဲ့… မှိုကြောင့်ဖြစ်တတ်တဲ့ မက္ခရုလို အရာဖြစ်နိုင်ပါတယ်… ဒါဆိုရင်တော့ လိမ်းဆေးလိမ်းပေးရမှာ ဖြစ်တဲ့အတွက် ရောဂါသေချာစေဖို့ ကလေးအထူးကု ဆရာဝန်နဲ့ ပြသပြီး အကြံဉာဏ် ရယူပါ… သွားရည်ပူမလောင်အောင်ကလေးသွားရည်ကိုအဝတ်နုနုသန့်သန့်လေးနဲ့သန့်ရှင်းရေးလုပ်ပေးဖို့တော့လိုအပ်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

6.

သမီးလေးသမီးလေး

ဆရာရှင့်သမီးလေး၅လတုန်းကပေါင်ချိန်တာ၂၀ရှိပါတယ်။ အဲဒါအဝလွန်နေလားစိုးရိမ်လို့ပါ။

 

မြန်မာနိုင်ငံရဲ့ သတ်မှတ် စံနှုန်းအရ ဒီအရွယ် မိန်းကလေး ကလေးငယ်တစ်ယောက်ဟာ ၅.၅ ကီလို (၁၂ပေါင်) ကနေ ၈ ကီလို (၁၇.၆ပေါင်) အတွင်း ရှိသင့်ပါတယ်… ဒါကြောင့် ပေါင် ၂၀ ဆိုတော့ အနည်းငယ် အဝလွန်နေတယ်လို့ ဆိုနိုင်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

7.

Tha Zin

ဆရာရှင်သမီးလေက၇လထဲရောက်နေပါပြီ။ ခုချိန်ထိ ဖြည့်စွက်စာကျွေးလို့မရဘူး။ မစားဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်ပြီး ဘာပြောင်းကျွေးရမလဲပြောပြပေးပါအုံးရှင်။

 

ကလေးကို သူကြိုက်တတ်တဲ့၊ ကြိုက်နိုင်မယ့် အစားအစာနဲ့ အာဟာရ ပြည့်စုံ မျှတစေမယ့် အစားအစာ မျှတပြီး စိတ်ရှည်ရှည်နဲ့ ချော့ကျွေးပေးဖို့ လိုအပ်ပါတယ်… အစာစားချင်စိတ် ပိုဖြစ်စေဖို့ Lysine ပါဝင်တဲ့ အားဆေး တိုက်ကျွေးပေးနိုင်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

8.

Ko Sai

မင်္ဂလာပါဆရာမွေးကင်းစလေးတွေမှာကျဗဟုံးဆိုတာရှိပါသလားခဗျာ။ သူ့ရဲ့ဆိုးကျိုးတွေကဘာဖြစ်လဲပြောပေးအုံးဆရာ။

 

ကလေးနဲ့ သူငယ်နာအကြောင်းကို အောက်က ပေးထားတဲ့ Link လေးမှာဖတ်ရှုပေးပါ…

 

http://babimildmomsclub.com.mm/?p=2946

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

9.

ခေတ်

မင်္ဂလာပါရှင်။ သမီးလေးက ၂ လပါ။ မွေးကတည်းကသမီးလေးရဲ့သွားဖုံးလေးတွေက ချွန်ချွန်ဖုလေးတွေအထက်အောက်ရှိနေပါတယ်။ ၄ နေရာပါ။ လူကြီးတွေသွားစွယ်ရှိတဲ့နေရာမျိုးမှာပါ။ ဒါပေမယ့် သိသိသာသာလေးတွေချွန်နေတော့ သတိထားမိလို့ပါ။ အာ့လေးသိချင်လို့ဖြေပေးပါနော်။ သွားတွေမူမမှန်ပေါက်မှာစိုးလို့ပါ။

 

သွားပေါက်မယ့် နေရာက ချွန်နေတာမျိုး ဖြစ်ပါလိမ့်မယ်… ငယ်သွားဖြစ်ပြီး သွား လဲဦးမှာ ဖြစ်တာကြောင့် မူမမှန်လည်း သိပ် စိတ်ပူစရာ မရှိပါဘူး…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

10.

ဖြိုး ဖြိုး

ဆရာရှင့်ကလေးကတနစ်နဲ့ရှစ်လပါ။ စကားမပြောသေးဘူးရှင့်။

 

ကလေးရဲ့ အသက်အလိုက် တခြားကလေးငယ်တွေနဲ့ ဖွံ့ဖြိုးမှုကို နှိုင်းယှဉ်ကြည့်ပါ… အဖက်ဖက်က သိသိသာသာ နောက်ကျနေရင် ကျန်းမာရေး စစ်ဆေးဖို့ လိုအပ်ပါတယ်… တစ်ခုတစ်လေ အနည်းငယ် နောက်ကျတာမျိုးဆိုရင်တော့ စောင့်ကြည့်နိုင်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

11.

Htet Htet

သားလေးက 8 လကျော်ပါပြီ။ ထမင်းမစားလို့ပါ။ ဘာအားဆေးကျွေးရမလဲရှင့်။

 

အစားစားချင်စိတ်ဖြစ်စေဖို့ Lysine ပါဝင်တဲ့ အားဆေး တိုက်ကျွေးပေးနိုင်ပါတယ်… နောက် ကလေးကို ခုန်ပေါက် လှုပ်ရှား ကစားခြင်းမျိုးကို အားပေးပါ… ဒီလို လှုပ်ရှားတဲ့ ကလေးတွေမှာ အစာစားချင်စိတ် ပိုဖြစ်တတ်ကြပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

12.

Shin Thant Cho

သမီးလေးက ၉ လပါ။ ဆရာကလေးက အရင်ရက်ကနေမကောင်းဖြစ်ပြီး ခုပြန်နေကောင်းတော့ အဖုလေးတွေထွက်နေပါတယ်။ စိုးရိမ်ရလားရှင့်။ အဖုလေးတွေကမာမာလေးတွေပါ။

 

ကလေး ယားယံတဲ့ ပုံစံရှိရင် Calamine Lotion လေး လိမ်းပေးနိုင်ပါတယ်… အရေပြားပြဿနာ ဖြစ်လို့ စနစ်တကျ ကြည့်ရှုစစ်ဆေးဖို့ လိုအပ်တာပါတယ်… ယေဘုယျအားဖြင့်တော့ ဖျားပြီး ထွက်တတ်တဲ့ အဖုလေးတွေဟာ ပြဿနာမရှိဘဲ သူ့အလိုလို ပျောက်သွားတတ်ပါတယ်… တကယ်လို့ ဖြစ်တာ ကာလကြာနေရင်တော့ ဆရာဝန်နဲ့ ပြသပေးပါ…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

13.

Yoon Hmone

သားသားက ၁၀ လရှိပါပြီ။ သားသားကိုယ်ကနေ ချွေးအရမ်းထွက်ပါတယ်။ ခေါင်းကနေချွေးထွက်တာ ပိုများပါတယ်။ အဲ့လိုချွေးတွေထွက်ရင် ခေါင်းတွေ ဂုတ်တွေ အရမ်းကုတ်တတ်လို့ ဘာကြောင့်လဲသိချင်ပါတယ်ဆရာ။

 

ကိုယ်အပူချိန် တိုင်းတာကြည့်ပါ… ဖျားမနေရင် စိတ်မပူရပါဘူး… ခေါင်းချွေးထွက်တာ ပြဿနာ မဟုတ်ပါဘူး… အောက်ကပေးထားတဲ့ Link မှာ ခေါင်းချွေးထွက်ခြင်းအကြောင်းကို ဖတ်ရှုနိုင်ပါတယ်… ကလေးယားယံနေပုံမျိုး ဖြစ်နေရင် Calamine Lotion လေးလိမ်းပေးနိုင်ပါတယ်… ကလေးနေတဲ့ အခန်းကို အပူအအေးမျှတအောင် ထားပေးပါ…

 

http://babimildmomsclub.com.mm/?p=5655

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

14.

Shweyithun Shweyithun

ဆရာရှင့်သမီးလေးကသုံးနှစ်ပါ။ ခြေတွေလက်တွေကအမြဲတမ်းဖျားတာမဟုတ်ပဲပူနေပါတယ်။ ဘာဖြစ်တာလဲစိုးရိမ်ရပါလားရှင့်။

 

ကိုယ်အပူချိန် တိုင်းကြည့်လို့ မဖျားရင် ပြဿနာ မရှိပါဘူး…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

15.

Thet Hlaing

သားလေးက၅လကျော်ပါပြီ။ အိပ့်ချိန်နည်းလို့ပါ။ ခြေထောက်လည်းခဏခဏမြှောက်ပါတယ်။ ဘာများဖြစ်လို့ပါလဲရှင့်။ အားဆေးတိုက်ရင်ဘယ်အချိန်တိုက်ရမှာလဲရှင့်။

 

အားဆေးကို ဘယ်အချိန်တိုက်တိုက် ရပါတယ်… ၆လမှ၉လအထိကလေးအိပ်စက်ခြင်းဆိုင်ရာ ဆောင်းပါးလေးကို အောက်က ပေးထားတဲ့ Link မှာဖတ်ရှုပေးပါ… ခြေထောက်မြှောက်တာ စိတ်မပူရပါဘူး…

 

http://babimildmomsclub.com.mm/?p=4297

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

16.

SU SU Hlaing

စိတ်ထဲမှာမတင်မကျဖြစ်လို့မေးပါရစေဦးရှင်။ သားကိုမွေးတုန်းက vacuum device နဲ့စုပ်ထုတ်လိုက်ရလို့ ခေါင်းကအပေါ်ဘက်ကိုတော်တော်လေးရှည်နေပါတယ်ရှင့်။အိမ်ကလူကြီးတွေကအနှီးကိုခွေပြီးသိပ်ခိုင်းတယ်။ ဆန်ထုပ်နဲ့သိပ်ခိုင်းတယ်။ ခေါင်းအပေါ်ကနေဖိချခိုင်းတယ်။ အနှီးသိုင်းထုတ်ခိုင်းတယ်။ နို့တိုက်ရင်လက်တံတောင်ဆစ်နဲ့မခံစေဘဲလက်ဖဝါးနဲ့ခံခိုင်းတယ်။ သူတို့ခိုင်းသလိုလုပ်ခဲ့ရပေမယ့်ကလေးရဲ့ဦးနှောက်ထိခိုက်မှာအရမ်းကြောက်မိပါတယ်ရှင့်။သားကပက်လက်သိပ်မရဘဲစောင်းအိပ်တော့နားထင်တွေပါပြားနေလို့ဒီမေမေစိတ်မကောင်းလည်း့ဖြစ်ရပါတယ်။မှန်မမှန်နဲ့ ခေါင်းလှစေမည့်နည်းလေးသိပါရစေရှင်။ ပတ်ဝန်းကျင်ကကလေးကိုခေါင်းရှည် ခေါင်းကောက်လို့ခေါ်တိုင်းသူများကလေးခေါင်းလှလှလေးတွေမြင်တိုင်းစိတ်မကောင်းဖြစ်ရလွန်းလို့ပါရှင့်။ပုံထဲကလို ခေါင်းလှပုံသွင်းခေါင်းအုံးသုံးရင်အဆင်ပြေနိုင်မလားရှင်။အားကိုးပါရစေ ဒေါက်တာရှင့်။

 

အများအားဖြင့် ဒီလို ပုံစံမမှန်မှုဟာ အရွယ်ရောက်လာတာနဲ့အမျှ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်… ငယ်လွန်းသေးတဲ့အရွယ် ဖြစ်တာကြောင့် အခုချိန်မှာ ပုံစံမမှန်သေးတာပါ… ပုံထဲက ခေါင်းအုံးမျိုး အသုံးပြုကြည့်နိုင်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

17.

Fiter Fiter

သမီးက၁၁လပါ။ ထမင်းသိပ်မစားလို့ဘာအားဆေးတိုက်ရမလဲဗျ။

 

အစားစားချင်စိတ်ဖြစ်စေဖို့ Lysine ပါဝင်တဲ့ အားဆေး တိုက်ကျွေးပေးနိုင်ပါတယ်… နောက် ကလေးကို ခုန်ပေါက် လှုပ်ရှား ကစားခြင်းမျိုးကို အားပေးပါ… ဒီလို လှုပ်ရှားတဲ့ ကလေးတွေမှာ အစာစားချင်စိတ် ပိုဖြစ်တတ်ကြပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

18.

မင်းရှိတဲ့ကမ္ဘာမင်းရှိတဲ့နေရာ

သားသားက၁နှစ်နဲ့၃လပါရှင်ခေါင်းကြီးစောင်းနေတာဘယ်လိုလုပ်ရမလဲရှင့်အကျင့်ကြီးဖြစ်သွားမှာစိုးလို့ပါ။ သားသားကထမင်းလည်းကျွေးမရဘူးရှင့်။ နေ့တိုင်းနွားနို့နဲ့ကြက်ဥကြိုကျွေးတာပဲစားတယ်။ ထမင်းဆိုထွေးထုတ်ပစ်ပါတယ်။ အသီးဆိုရင်တော့အကုန်စားပါတယ်။ ဗိုက်ကလည်းတအားပူနေပါတယ်။- သန်ချဆေးကျွေးလို့ရပြီလားရှင့်။

 

လည်ပင်းကြွက်သားတွေ ကောင်းစွာ မဖွံ့ဖြိုးသေးတဲ့အတွက် ခေါင်းစောင်းနေတာမျိုးက တွေ့ရတတ်ပါတယ်… အရမ်း သိသိသာသာ စောင်းနေတာမျိုးမဟုတ်ရင် စိတ်ပူစရာ မရှိပါဘူး… တဖြည်းဖြည်း အသက်ကြီးလာတာနဲ့ အဆင်ပြေသွားတတ်ပါတယ်… အစားစားချင်စိတ်ဖြစ်စေဖို့ Lysine ပါဝင်တဲ့ အားဆေး တိုက်ကျွေးပေးနိုင်ပါတယ်… နောက် ကလေးကို ခုန်ပေါက် လှုပ်ရှား ကစားခြင်းမျိုးကို အားပေးပါ… ဒီလို လှုပ်ရှားတဲ့ ကလေးတွေမှာ အစာစားချင်စိတ် ပိုဖြစ်တတ်ကြပါတယ်…ကလေးကို အသီးအရွက်၊ အသားငါး၊ ဆန်ဂျုံပြောင်း အာလူး စသဖြင့် အာဟာရ စုံလင်အောင် ကျွေးမွေးပေးပါ…

 

ကလေး တစ်နှစ်ပြည့်ပြီးရင် ၆ လတစ်ကြိမ် သန်ချဆေးတိုက်ကျွေးပေးသင့်ပါတယ်… ကလေးရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုပြုပေးပါ… လက်သည်းခြေသည်း သန့်ရှင်းရေး၊ အစားအစာ သန့်ရှင်းရေး စတာတွေကို ဂရုပြုပါ…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

19.

အချစ်မရှိသူအမုန်းအချစ်မရှိသူအမုန်း

သမီးလေးက၄လပါ။ ရေတိုက်လို့၇လားဆရာ။

 

အသက် ၆ လအောက် ကလေးတွေကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရမှာ ဖြစ်ပါတယ်… ရေတိုက်စရာ မလိုပါဘူး… မတိုက်သင့်သေးပါဘူး…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

20.

February Soe

သမီးလေးက တစ်နှစ်သုံးလရှိပါပြီ။ သွားမပေါက်သေးလို့ပါ။ လမ်းလဲလျောက်နေပါပြီ။ စကားလဲ မေမေ ဖေဖေ ပြောတတ်ပါတယ်ရှင့်။ ဘာလိုအပ်လဲသိချင်လို့ပါ။

 

မိဘအတော်များများကကလေးရဲ့ဖွံ့ဖြိုးမှုနဲ့ပတ်သက်လို့စိတ်စောတတ်ကြပါတယ်… သွားမပေါက်သေးတာ ပြဿနာမရှိပါဘူး… စိတ်မပူပါနဲ့…ကလေးမှာနာတာရှည်ကျန်းမာရေးဆိုင်ရာ ပြဿနာမရှိရင်၊ထူးထူးခြားခြားအာဟာရဆိုင်ရာချို့တဲ့မှုမရှိရင်ဖွံ့ဖြိုးမှု နောက်ကျခြင်း ပြဿနာမရှိတတ်ပါဘူး… နောက်တစ်ခုကကလေးတစ်ယောက်နဲ့တစ်ယောက်ဖွံ့ဖြိုးမှုအနည်းငယ် စောတာ နောက်ကျတာရှိနိုင်ပါတယ်… တခြားကလေးတွေထက်သိသိသာသာ နောက်ကျနေရင်တော့ကလေးကိုကျန်းမာရေးစစ်ဆေးသင့်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

21.

မုန်း ထက်ပိုင်

သားသားက ၉ လခွဲပါ။ အီးအီးထဲမှာ သံလုံးကောင်တွေ့တယ်။ သန်ချလို့ရပြီလား။ ချောင်းလည်းဆိုးနေတယ်ရှင့်။

ကျန်းမာပျော်ရွှင်ပါစေ

သန်ကောင်တွေ့ရင်တော့ သန်ချပေးဖို့ လိုအပ်ပါတယ်… ဒါပေမဲ့ ကလေးက ၁ နှစ်မပြည့်သေးတာကြောင့် သင့်တော်တဲ့ ဆေးအမျိုးအစားနဲ့ ပမာဏကို ချိန်ညှိဖို့ ကလေးအထူးကု ဆရာဝန်နဲ့ ပြသသင့်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

22.

Thetmon Oo

သားလေးက ၉ လထဲမှာပါဆရာ။ ခုရက်ပိုင်း ထမင်းသိပ်မစားပါဘူး။ ဝါစိအ်းနီကြက်သားရောပြီး ကျိုကြွေးတာ အရင်ကစားပါတယ်။ ခုပါးစပ်ပိတ်ထားပြီး မစားပါဘူး။ စားမိရင်လဲ အော့အော့နေပါတယ်။ ဘာကြွေးလို့ရမလဲရှင့်။

 

ကလေးကို ဖြည့်စွက်စာကျွေးတဲ့အခါ သူကြိုက်တတ်တဲ့၊ ကြိုက်နိုင်မယ့် အစားအစာနဲ့ အာဟာရ ပြည့်စုံ မျှတစေမယ့် အစားအစာ မျှတပြီး ချော့ကျွေးပေးဖို့ လိုအပ်ပါတယ်… စိတ်ရှည်ရှည်နဲ့ လေ့ကျင့်သင်ကြားပေးပါ… နောက်ပြီး အစာစားချင်စိတ် ပိုဖြစ်စေဖို့ Lysine ပါဝင်တဲ့ အားဆေး တိုက်ကျွေးပေးနိုင်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

23.

Pyae Phyo

ဆရာ ကျနော့်သမီးလေးက 6 ရက်သားပဲရှိပါသေးတယ်။ နို့မစို့တတ်ဘူး နို့ဗူးပဲစို့တယ်။ မိခင်နို့မစို့တတ်ဘူးဖြစ်နေတယ်။ ဗိုက်ထဲကလဲ နို့ရည်နဲနဲဝင်ရင် လေသံတွေကြားရတယ်။ မိခင်နို့ကို နို့ဗူးထဲပဲထည့်တိုက်သင့်လား။ ဒါမှမဟုတ် ဘယ်လိုလုပ်သင့်လဲ ပြောပြပေးပါ။

 

မိခင်နို့ မစို့လို့ဆိုပြီး နို့ဗူးကူရင် ကလေးက အားစိုက်ပြီး စို့ယူရတဲ့ မိခင်နို့ထက် အလွယ်တကူသောက်ရတဲ့ နို့ဗူးကို ပိုနှစ်သက်သွားတတ်တာမျိုး ဖြစ်တတ်ပါတယ်… မိခင်နို့ စို့တတ်ဖို့ နို့တိုက်ကျွေးနည်းကို စနစ်ကျအောင် သင်ယူပြီး လေ့ကျင့်ပါ… တဖြည်းဖြည်း အဆင်ပြေလာပါလိမ့်မယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

24.

Chaw Su

ဆရာရှင့်သားသားလေးက၄လနဲ့၃ပတ်ရှိပါပြီး။ အခုထိမမှောက်သေးပါဘူး။ စိုးရိမ်လားရှင့်။ အကယ်၍၅လ ကျော်၆လထဲရောက်လို့မမှောက်သေးရင် ဖြည့်စွက်စာကျွေးလို့ရပါ့မလား ဖြေကြားပေးပါဆရာရှင့်။

 

၆ လကျော်ရင် မိခင်နို့တစ်မျိုးတည်းနဲ့ အာဟာရ မပြည့်စုံတာကြောင့် ဖြည့်စွက်စာက ကျွေးပေးရမှာပဲ ဖြစ်ပါတယ်… မမှောက်သေးတာ ပြဿနာ မရှိပါဘူး… အပေါ်မှာ ပြောခဲ့သလို ကလေးရဲ့ ဖက်စုံ ဖွံ့ဖြိုးမှုကို ကြည့်ရပါမယ်… အဖက်ဖက်က နောက်ကျနေတာမျိုး မရှိရင် စိတ်မပူရပါဘူး…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

25.

ညှို့အတ္တ

ကိုယ်ဝန်ဆောင်ချိန်မှာဒူးရင်းသီးနဲ့ဒညင်းသီးစားချင်းကကလေးကိုထိခိုက်စေပါသလား။

 

စနစ်တကျ လေ့လာထားတာမျိုးတော့ မရှိပါဘူး… ဒညင်းသီးကတော့ ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ အာနိသင် ရှိတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ မစားတာ အကောင်းဆုံးပါပဲ…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

 

No Comments

Comments are closed.

To Top