ကလေးများ နှာခေါင်းသွေးယိုခြင်း (၁)

မေး- ကလေးတွေ ဘာကြောင့် နှာခေါင်းသွေးယိုပါသလဲ။
ဖြေ- ကလေးတွေမှာ အကြောင်းအမျိုးမျိုးကြောင့် နှာခေါင်းသွေးယိုနိုင်ပါတယ်။

သာမန်နှာခေါင်းသွေးယိုခြင်း
-နှာခေါင်းထဲ လက်နဲ့ ခဏခဏကလော်တတ်တဲ့ ကလေးတွေမှာ ဖြစ်တတ်ပါတယ်။နှာခေါင်းတွင်းမှ သွေးကြောလေးတွေ ပေါက်သွားလို့ ဖြစ်ပါတယ်။
-ခဏခဏ နှာစေးတတ်တဲ့ ကလေးတွေမှာ နှပ်ချေးခြောက်ပြီး ယားယံလို့ နှာခေါင်းကလော်ရာမှ သွေးကြောတွေ ပေါက်သွားတတ်ပါတယ်။
-လေအေးစက် တစ်နေကုန်ဖွင့်ထားတဲ့အခန်းမှာ အကြာကြီးနေရင်၊ရာသီဥတုအရမ်းအေးရင် နှပ်ချေးဖတ်များ ခြောက်သွေ့ယားယံပြီး ကလော်ရာမှ သွေးယိုတတ်ပါတယ်။
-တချို့ သွေးကြောလေးများ ပါးတဲ့သူဆို ရာသီဥတုအပြောင်းအလဲ၊ ပူရာမှအေး၊အေးရာမှပူရင်၊ရုတ်တရက် လေဖိအားလျော့သွားရင်၊ဥပမာ မြေပြန့်မှ တောင်ပေါ်တက်ရင်၊လေယာဉ်အမြင့်တက်ရင် သွေးကြောလေးများ ပေါက်ပြီး နှာခေါင်းသွေးယိုတတ်ပါတယ်။

အခြားအကြောင်းများကြောင့် နှာခေါင်းသွေးယိုခြင်း
-နှာခေါင်းပတ်ဝန်းကျင် ထိခိုက်ဒဏ်ရာရ၍ နှာခေါင်းသွေးယိုခြင်း။
-နှာခေါင်းအတွင်း အနာဖြစ်ခြင်း၊နှာခေါင်းအတွင်း ပစ္စည်းတစ်ခုခု ၀င်သွားပြီးထိခိုက်မိခြင်းတို့ကြောင့် သွေးယိုခြင်း။
-ပြင်းထန်စွာ နှာစေးချောင်းဆိုးဖြစ်ပြီး တအားနှာညှစ်၊ချောင်းဆိုး၍ နှာခေါင်းအတွင်းရှိ သွေးကြောကလေးများ ပေါက်ထွက်သွေးယိုခြင်း။
-သွေးပေါင်ချိန်အလွန်အမင်းတက်၍ နှာခေါင်းသွေးလျှံခြင်း။
-နှာခေါင်းတွင်းကင်ဆာရောဂါ(Nasopharyngeal Carcinoma)ကြောင့်သွေးယိုခြင်း။
-သွေးရောဂါကြောင့် နှာခေါင်းသွေးယိုခြင်း။
ဥပမာ သွေးမတိတ်တဲ့ရောဂါ၊သွေးကင်ဆာ၊သွေးတွင် platelet နည်းတဲ့ရောဂါတို့ကြောင့် သွေးယိုခြင်း။

မေး- နှာခေါင်းသွေးယိုခြင်းဟာ မျိုးရိုးလိုက်တတ်ပါသလား။
ဖြေ- မျိုးရိုးလိုက်တတ်ပါတယ်။ မိခင် သို့မဟုတ် ဖခင် ငယ်စဉ်က နှာခေါင်းသွေးလျှံတတ်ရင် သားသမီးများမှာလည်း နှာခေါင်းသွေးလျှံတတ်ပါတယ်။ သွေးကြောကလေးတွေ ပါးလို့ဖြစ်တတ်ပါတယ်။ အသက်ကြီးလာရင် သွေးကြောကလေးများထူလာပြီး အလိုအလျောက် ကောင်းသွားတတ်ပါတယ်။

မေး- နှာခေါင်းသွေးလျှံတိုင်း သွေးကင်ဆာဖြစ်တတ်ပါသလား။
ဖြေ- မဖြစ်တတ်ပါ။ သို့သော် သွေးကင်ဆာဖြစ်တဲ့သူတွေကတော့ နှာခေါင်းသွေးလျှံတတ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာ နှာခေါင်းသွေးလျှံရင် သွေးကင်ဆာဖြစ်ပြီလို့ပြတော့နှာခေါင်းသွေးလျှံတဲ့ ကလေးတိုင်း ကင်ဆာဖြစ်တော့မလား စိုးရိမ်ကြပါတယ်။ နှာခေါင်းသွေးလျှံတိုင်း သွေးကင်ဆာမဟုတ်ပေမယ့် အသေအချာ စစ်ဆေးကြည့်ဖို့တော့ လိုအပ်ပါတယ်။ နှာခေါင်းသွေးလျှံနိုင်တဲ့ အကြောင်းအရင်းကို ရှာရမှာဖြစ်ပါတယ်။

မေး- နှာခေါင်းသွေးလျှံတဲ့ကလေးကို ဘယ်လိုပြုစုရမလဲ။
ဖြေ- ကလေး နှာခေါင်းသွေးလျှံရင် အရေးပေါ်ပြုစုနည်းနဲ့ ပြုစုပေးရပါမယ်။

အရေးပေါ်ပြုစုနည်း
ကလေးနှာခေါင်းသွေးလျှံရင် လူကြီးတွေ ပျာယာမခတ်ဘဲ တည်ငြိမ်ဖို့ လိုပါတယ်။ ကလေးတွေ စိုးရိမ်စိတ်များပြီးကြောက်လန့် မသွားစေလိုပါ။ ကလေးတွေ ကြောက်ပြီး ငိုရင် နှာရည်တွေပါကျလာပြီး သွေးပိုများလာသလို ဖြစ်တက်ပါတယ်။
ကလေးရဲ့ နှာခေါင်းကို ဘေးနှစ်ဖက်မှ ဖိညှစ်ထားပြီး ခေါင်းကို ငုံ့ခိုင်းထားပါ။ ပါးစပ်မှ အသက်ရှူပါစေ။
အများအားဖြင့် နှာခေါင်းသွေးလျှံရင် ခေါင်းကို မော့ထားတက်ကြပါတယ်။ သွေးကအပြင်မထွက်ပေမယ့် နှာခေါင်းထဲမှာ ခဲသွားပြီး နှာခေါင်းပိတ်ကာ အသက်ရှူခက်တက်ပါတယ်။ ဒါကြောင့် ခေါင်းကို မမော့စေဘဲ ငုံ့ခိုင်းပြီး ထွက်နေတဲ့သွေးကို အပြင်ထွက်စေရမှာ ဖြစ်ပါတယ်။ နောက်ထပ်မထွက်အောင် ဖိထားပေးပြီး နှာခေါင်းရင်းမှာ ရေခဲကပ်ပေးရပါမယ်။
ချက်ချင်း သွေးမတိတ်ခဲ့ရင် ဆေးရုံသွားပြရပါမယ်။ အာဒရီနာလင် (Adrenalin Plug) ဆေးရည်ဆွတ်ထားတဲ့ ၀ါဂွမ်းကို နှာခေါင်းထဲထည့်ပြီး သွေးတိတ်အောင် လုပ်လို့ရပါတယ်။ သွေးတိုးရှိသူကို မလုပ်ရပါ။

 

#BabiMildMyanmar မှ တင်ဆက်သည်။

No Comments

Enroll Your Words

To Top