ဘေဘီလေးတို့အတွက် ဆွေးနွေးရအောင် (အပိုင်း- ၁၁)

မေး။   ။ ကလေးရဲ့ မွေးရာပါဆံပင်ကို ဘယ်အချိန်မှာ ရိတ်သင့်ပါသလဲရှင်။

ဖြေ။   ။ မွေးရာပါဆံပင်ကို ဘယ်အချိန်မှာ ရိတ်မလဲဆိုတာထက် သန့်ရှင်းအောင်ထားဖို့ ခေါင်းလျှော်ဖို့ပဲ အရေးကြီးပါတယ်။ တစ်လမှ ရိတ်ရမယ်၊ တစ်နှစ်မှ ရိတ်ရမယ်လို့  သတ်မှတ်ချက်မရှိပါဘူး။ ကိုယ့်ဓလေ့နဲ့ ကိုယ်ပါပဲ။ ဒါပေမယ့် ဆောင်းတွင်းလို အရမ်းအေးတဲ့အချိန်မှာ သွားရိတ်ရင်တော့ နှာပိတ်၊ အအေးမိပြီး နို့မစို့နိုင်ဘဲ ဖျားတတ်ပါတယ်။ အချိန်အခါ၊ ရာသီဥတုကိုကြည့်ပြီး ရိတ်လို့ရပါတယ်။

 

မေး။   ။ ဘယ်လိုလက္ခဏာတွေပြရင် ဥာဏ်ရည်နိမ့်ကလေး ဖြစ်လာတတ်ပါသလဲရှင့်။

ဖြေ။   ။ ဥာဏ်ရည်နိမ့်တဲ့ ကလေးတွေဟာ အများအားဖြင့် ခေါင်းသေးတာ တွေ့ရတတ်တယ်။ တစ်လခွဲ၊ နှစ်လလောက်မှာ မြှူရင်ပြုံးတတ်ရမှာပါ။ မပြုံးတတ်ရင် ဖွံ့ဖြိုးမှုမရှိဘူး။ ခေါင်းခိုင်သင့်ချိန်မှာ မခိုင်ဘူး။ မထိုင်ဘူးဆိုရင် ဥာဏ်ရည်နိမ့်မယ့် ကလေးတို့ ခန့်မှန်းလို့ရပါတယ်။

 

မေး။   ။ ဆရာမရှင့် ကျွန်မရဲ့ကလေးဟာ ညအိပ်နေရင်းကနေ လန့်နိုးတတ်ပါတယ်။ ပြီးတော့ ကြို့လည်းထိုးပါတယ်။ ဒါဟာ ဘာကြောင့်ပါလဲရှင်။

ဖြေ။   ။ ညအိပ်ရင်းကနေ လန့်နိုးတာဟာ လေထိုးလို့လည်း ဖြစ်နိုင်တယ်။ ဗိုက်ဆာလို့လည်း ဖြစ်နိုင်တယ်။ အိပ်မက်မက်ပြီး နိုးတာလည်း ဖြစ်နိုင်တယ်။ ကြို့ထိုးတာက ဗိုက်တအားတင်းနေရင် ဖြစ်တတ်ပါတယ်။

 

မေး။   ။ ဆရာမရှင့် ကျွန်မရဲ့ကလေး တစ်ခါတစ်ရံ နို့တွေအန်တာ နှာခေါင်းကပါ ပြန်ထွက်တတ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို ရှင်းပြပေးပါ။

ဖြေ။   ။ ကလေးတွေ နို့အန်ရင် နှာခေါင်းကပါ ပြန်ထွက်လာတတ်ပါတယ်။ အန်တဲ့အရည်တွေများပြီး အရှိန်နဲ့ထွက်လို့ပါ။ စိုးရိမ်စရာ မရှိပါဘူး။ နို့တိုက်ပြီးရင် လေထုတ်ပေးပါ။ နို့တိုက်ပြီးစမှာ ကလေးကို တအားလှုပ်ပြီး မသိပါနဲ့။ နှာခေါင်းကပါ နို့တွေ ထွက်လာရင် နှာခေါင်းထဲ တစ်ရှူးစလေးထည့်ပြီး သုတ်ပေးပါ။ ဒီလိုမလုပ်လျှင် နို့တွေ အာခေါင်ထဲမှာခဲပြီး နှာခေါင်းပိတ်တတ်ပါသည်။

 

မေး။   ။ မွေးကင်းစမှ ခြောက်လအတွင်း ကလေးငယ်များ ခြင်ကိုက်ရင် သွေးလွန်တုပ်ကွေး ဖြစ်နိုင်ပါသလား။

ဖြေ။   ။ သွေးလွန်တုပ်ကွေး သယ်ဆောင်ထားတဲ့ ခြင်ကိုက်ရင်တော့ ဘယ်အရွယ်မဆို ဖြစ်နိုင်ပါတယ်။ ခြောက်လအောက် ကလေးမှာတော့ တွေ့ရခဲပါတယ်။ ဒီအရွယ်မှာ အနှီးကိုလည်း ခြေဆုံးခေါင်းဆုံးထုတ်ထားတယ်။ မိခင်တွေကလည်း မပြတ်ကြည့်နေတော့ ခြင်ကိုက်ဖို့ အခွင့်အရေးနည်းပါတယ်။ လုံးဝမဖြစ်ဘူးလို့တော့ ပြောလို့မရပါ။

 

မေး။   ။ ရုတ်တရက် ကလေးကိုယ်ပူလာရင် ဘယ်လိုပြုစုပေးသင့်ပါသလဲ။

ဖြေ။   ။ ရုတ်တရက် ကလေးကိုယ်ပူလာရင် ရေပတ်သုတ်ပါ။ ကလေးရဲ့ ပတ်ဝန်းကျင်ကို အေးအောင်ထားပါ။ အင်္ကျီပါးပါးလေး ပေးဝတ်ပါ။ ဒါနဲ့မှမရဘဲ အဖျား 100ံF ကျော်ရင်တော့ ပါရာစီတမောတိုက်ပါ။

No Comments

Enroll Your Words

To Top