ဘေဘီလေးတို့အရေး ဆွေးနွေးရအောင် (အပိုင်း-၁၂)

မေး။   ။ ဘီပိုးရှိတယ်လို့ သတ်မှတ်ခံထားရတဲ့ မိခင်ဟာ ကုသမှုခံယူစဉ်မှာ သောက်ဆေးတွေ သောက်ရပါတယ်။ နို့စို့နေတဲ့ ကလေးငယ်အတွက် အန္တရာယ်ရှိနိုင်ပါသလား။

ဖြေ။   ။ အသည်းရောင်ဘီပိုးရှိနေတဲ့ မိခင်ဟာ ဆေးသောက်နေရပေမယ့် ကလေးနို့တိုက်လို့ရပါတယ်။

 

မေး။   ။ ဘီပိုးရှိသည်ဟု သတ်မှတ်ခံထားရသော မိခင်မှ ကလေးမွေးဖွားပြီးချိန်တွင် ကလေးအတါက် ရောဂါကာကွယ်နိုင်ရန် မည်သို့ဆောင်ရွက်သင့်ကြောင်း ရှင်းပြစေလိုပါတယ်။

ဖြေ။   ။ ကလေး အသည်းရောင်ဘီပိုး မကူးစေရအောင် ကလေးမွေးဖွားပြီးပြီးချင်း အသည်းရောင်ဘီကာကွယ်ဆေး ထိုးရမယ်။ ဒါ့အပြင် တတ်နိုင်ရင် immunoglobulin ပါ ထိုးထားသင့်ပါတယ်။

 

မေး။   ။ ကျွန်မရဲ့ရင်သွေး မွေးကင်းစ အသားဝါဖြစ်နေတာကို ဘယ်လိုကုသရပါမလဲ။

ဖြေ။   ။ မွေးကင်းစ အသားဝါတာ ၃ ရက်မှ ၅ ရက်အတွင်း ဝါတာကို စိုးရိမ်စရာမရှိပါ။ အမေနို့ များများတိုက်ရင် ၇ ရက်လောက်မှာ ကောင်းသွားမှာပါ။ အဝါရည်များလာရင်တော့ အိမ်မှာမထားသင့်ဘူး။ ဆေးရုံအမြန်ဆုံး သွားသင့်ပါတယ်။ ဆေးရုံမှာ လိုအပ်သလို မီးပြခြင်းကုထုံး၊ သွေးလဲခြင်းကုထုံးတွေနဲ့ ကုသပျောက်ကင်းနိုင်ပါတယ်။ အချိန်မီဖို့ လိုပါတယ်။ နောက်ကျသွားရင် အဲဒီအဝါရည်တွေက ကလေးဦးနှောက်ကို ဖျက်ဆီးတတ်လို့ ကျပ်မပြည့်ကလေးတစ်ယောက် ဖြစ်လာတတ်တယ်။

 

မေး။   ။ မွေးကင်းစမှ ၃ လအတွင်း ကလေးငယ်များအား ဆေးတိုက်ကျွေးဖို့ လိုအပ်ပါသလား။

ဖြေ။   ။ မွေးကင်းစမှ ၁ လအတွင်း ကလေးငယ်တွေကို ဆေးတိုက်ဖို့ မလိုပါ။ မိခင်သောက်လက်စ ကိုယ်ဝန်ဆောင်အားဆေး ဆက်သောက်ရင် လုံလောက်ပါတယ်။ ၁ လကျော်ရင်တော့ အားဆေးတိုက်လို့ရပါပြီ။ Multivitamin drops ဆိုရပါပြီ။

 

မေး။   ။ ကလေးငယ်ဖျားနာတဲ့အခါ သွေးကြောထဲဆေးသွင်းတာနဲ့ ဆေးကျွေးတာ ဘယ်ဟာက ပိုထိရောက်ပါသလဲ၊ ပိုစိတ်ချရပါသလဲရှင့်။

ဖြေ။   ။ ကလေးဖျားနေရင် ဘာကြောင့်ဖျားသလဲရှာပြီး တတ်ကျွမ်းတဲ့သူနဲ့ ကုသမှုခံပါ။ ဆေးသောက်လို့ ပျောက်နိုင်တဲ့ရောဂါကို သောက်ဆေးပဲတိုက်ပါ။ သွေးကြောထဲ ဆေးသွင်းဖို့ လိုအပ်တဲ့လူနာဆိုရင်လည်း ဆေးရုံတက်ပြီးမှ ဆေးသွင်းကုသတာ ကောင်းပါတယ်။ မလိုအပ်ဘဲ အလကားဆေးရည်သွင်းပြီး ကုသတာ ကလေးအတွက် အန္တရာယ်များပါတယ်။ အပြင်မှာ သွေးကြောထဲဆေးသွင်းကုသတာ မကောင်းပါ။

 

မေး။   ။ ကျွန်တော်ရဲ့ ကလေးဟာ ရက်မစေ့ဘဲ ဗိုက်ခွဲပြီး စောမွေးခဲ့ပါတယ်။ မွေးပြီး ၂၈ ရက်လောက်မှာ ခြေနဲ့ လက်တွေ အကြောဆွဲသလို တောင့်တင်းနေပါတယ်။ တချို့က ဝက်ရူးပြန်လို့ ပြောပါတယ်။ ဒါဟာ ဘာဖြစ်တာလဲ၊ ဘယ်လိုလုပ်ရပါမလဲဆိုတာကို ကူညီပေးပါ။

ဖြေ။   ။ ရက်မစေ့ဘဲ ဗိုက်ခွဲမွေးတာဆိုတော့ မွေးမွေးချင်းကလေးက ပြာသလား၊ ငိုသလား၊ နို့စို့နိုင်သလား သိဖို့လိုပါတယ်။ ကလေးရဲ့ ကိုယ်အလေးချိန်ရော အပြည့်အဝရှိရဲ့လား သိဖို့လိုပါတယ်။ မွေးပြီး ၂၈ ရက်မှာ ခြေလက်တွေ အကြောဆွဲသလို တောင့်တင်းတာဆိုတော့ တက်တာမျိုးဖြစ်ဖို့များတယ်။ ဝက်ရူးပြန်ရောဂါလို့ အတတ်မပြောနိုင်ပါ။ မွေးကင်းစကလေး ပြန်လည်ကြည့်ရှု ရက်ချိန်းပေးဌာနကို ပြန်ပြသင့်ပါတယ်။ နောက် ကလေးဦးနှောက်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးတွေနဲ့လည်း ပြသင့်ပါတယ်။

No Comments

Enroll Your Words

To Top